
တပ်မတော်နှင့် AA(ရက္ခိုင့်တပ်တော်) တို့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်တွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိ ဖြူစင်မေတ္တာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ပြည်တော်သာရပ်ကွက်မှ ဦးမောင်အောင်ဝင်း (၄၃ နှစ်)၊ ၊ ပန်းထိမ်တန်းမှ ဒေါ်မသန်းဌေး (၃၁ နှစ်)၊ ပန်းဖဲတန်းရပ်ကွက်မှ ဦးအောင်ကျော်စိန် (၅၇ နှစ်)နှင့် နယ်မှ စျေးလာဝယ်သူအမည်မသိ အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
အဆိုပါ ဒဏ်ရာရရှိခဲ့သူလေးဦးထဲမှ ဒေါ်မသန်းဌေးမှာ ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ၊ကျန်နှစ်ဦးမှာ ဒဏ်ရာပိုမိုပြင်းထန်သဖြင့် စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ နယ်မှလာသည့် အမျိုးသားမှာ ထိခိုက်မှုနည်းသည့်အတွက် ဆေးရုံမတက်ဘဲ နေရပ်ပြန်သွားပြီဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“ပစ်ခတ်တာက ၈ မိနစ်လောက်ပဲကြာတယ်။ ပစ်တဲ့နေရာနဲ့ ထိတဲ့နေရာက တော်တော်ကို ဝေးတယ်။ အဝေးကြီးကို လာပြီးကျတာ “ဟု ဖြူစင်မေတ္တာပရဟိတအသင်း တာဝန်ရှိသူက ပြောသည်။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်ကြခြင်းဖြစ်ပြီး မည်သည့်ဘက်က ပစ်သည့်အတွက် ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရသည်ကိုမူ မသိရှိကြောင်း ၎င်းက ဆိုသည်။
AA တပ်ဖွဲ့၏ ပြောခွင့်ရ ခိုင်သုခကို ယနေ့ညနေပိုင်းအထိ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ မသိရှိသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။
တပ်မတော်ဘက်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့တို့ကို ယနေ့ ညနေ ၃ နာရီကျော်အထိ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိပေ။
တပ်မတော်စစ်ကြောင်းသည် ကျောက်တော်မြို့အဝင် ပြည်တော်သာရပ်ကွက်ရှိ မဟာကံကြီးသျှင်ဘုရားကြီးအနီး၌ စခန်းချကာ ဒီဇင်ဘာ ၂၇ ရက်နေ့မနက်မှ စတင်ပြီး ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုများပြုလုပ်နေကြောင်း ကျောက်တော်မြို့ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်လှမြင့်ကဆိုသည်။
ယနေ့မနက်တွင် AA အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့အကြား တိုက်ပွဲများ ကာလကြာရှည် ဖြစ်ပွားနေမှုကြောင့် အရပ်သား သေဆုံးမှုနှင့် ဒဏ်ရာရမှုဖြစ်စဉ်များမှာ တဖြည်းဖြည်းမြင့်တက်လာနေသည်။
Myanmar Nowမှ စုဆောင်းထားသည့် အချက်အလက်များအရ ရခိုင်တိုက်ပွဲများအတွင်း အရပ်သားသေဆုံးသူ အရေအတွက် ၁၀၀ ဝန်းကျင်ခန့်အထိ ရှိနေပြီး ဒဏ်ရာရသူအရေအတွက်မှာ ၂၃၀ ကျော်အထိ ရှိနေသည်။
စစ်တွေအခြေစိုက် ရခိုင်စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ၏ ယခုနှစ် နိုဝင်ဘာလအတွင်းက ထုတ်ပြန်သော အချက်အလက်များအရ ရခိုင်တိုက်ပွဲများအတွင်း ဒဏ်ရာရရှိသူ အရပ်သားအရေအတွက်မှာ ၂၂၀ ကျော်အထိ ရှိလာပြီဟုဆိုသည်။