သတင်း

အထည်ချုပ်စက်ရုံက အလုပ်သမားများထံမှ လူမှုဖူလုံရေးကြေးကောက်ပြီး အစိုးရထံပြန်မသွင်း

ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားများထံမှ လူမှုဖူလုံရေးပေးဆောင်ရန် ငွေကြေးကိုရယူထားပြီး အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံ ပေးသွင်းခြင်းမရှိသဖြင့် အလုပ်သမားများက ရန်ကုန်တိုင်းအစိုးရထံ ယနေ့လာရောက် တိုင်ကြားခဲ့သည်။

ရွှေပြည်သာစက်မှုဇုန်ရှိ ကိုရီးယားနိုင်ငံသားပိုင် World Jin အထည်ချုပ်စက်ရုံမှ အလုပ်သမားများမှာ လုပ်သက်ကြေး ၁၀ ရက်စာ မရ၍ နိုဝင်ဘာလ ၆ ရက်နေ့က အလုပ်ရှင်ထံ သွားရောက် တောင်းဆိုသော်လည်း မပေးသည့်အတွက် အချေအတင်ဖြစ်ခဲ့ကြကြောင်း၊ ယင်းနောက် လူမှုဖူလုံရေးသို့ သွားရောက်တိုင်ကြားရာမှတစ်ဆင့် စက်ရုံက လူမှုဖူလုံရေးကြေး ၈ လကြာ မပေးသွင်းထားသည့် အချက်ကို သိရှိခဲ့ရကြောင်း အလုပ်သမားများက ဆိုသည်။

ယင်းကြောင့် သပိတ်မှောက်အလုပ်သမား ၂၀၀ ခန့်က ယနေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရရုံးရှိရာ ဒဂုံမြို့နယ်၊ အလုံလမ်းအထိ ချီတက်လာပြီး တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အလုပ်သမားဥပဒေပါ အခွင့်အရေးများ ရရှိရန်အတွက် နိုဝင်ဘာလ လဆန်းပိုင်းကတည်းက ယင်းစက်ရုံကို ဆန္ဒပြနေခြင်းဖြစ်ပြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံလည်း စာတင်ထားကြောင်း၊ သို့သော် တိုင်းအစိုးရက အကြောင်းမပြန်ခဲ့သည့်အတွက် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခြင်းဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ မဇင်မာက ပြောသည်။

“သူတို့ဆီ (အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)ကို ရှစ်လတိတိ (လူမှုဖူလုံကြေး) မသွင်းထားတဲ့ဟာကို အလုပ်သမားကပြောမှ သူတို့ကသိတယ်” ဟု ၎င်းက ပြောသည်။

ဆန္ဒပြအလုပ်သမားများ တိုင်းအစိုးရရုံးရှေ့ ဆန္ဒပြတောင်းဆိုနေချိန် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဆန္ဒပြတောင်းဆိုရာနေရာသို့ လာရောက်ခဲ့ပြီး ဆန္ဒပြအလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။

ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က အလုပ်သမားများ၏ နစ်နာမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းပေးမည်ဖြစ်ပြီး အလုပ်ရှင်ကိုလည်း ပြည်ပထွက်ခွာခွင့်မရအောင် ပြုလုပ်ထားကြောင်း၊ လာမည့် တနင်္လာနေ့(ဒီဇင်ဘာလ ၂၃) တွင် ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးသို့ လာရောက်ပြီး ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများကို ကတိပြုခဲ့သည်။

ဒေါ်မိုးမိုးစုကြည်က ထိုသို့ လာရောက် တွေ့ဆုံဆွေးနွေးပြီးနောက် အလုပ်သမားများက ၎င်းတို့ မူလသပိတ်စခန်းရှိရာ ရွှေပြည်သာစက်မှုဇုန်ရှိ World Jin အထည်ချုပ်စက်ရုံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

အလုပ်ရှင်ဘက်က အလုပ်သမားဥပဒေပါ အခွင့်အရေးများကို မလိုက်လျောသည့်အပေါ် မကျေမနပ်ဖြစ်မိပြီး ဝန်ကြီးတစ်ဦးအနေဖြင့် လာရောက်ဖြေရှင်းမည်ဖြစ်၍ အဆင်ပြေသွားမည်ဟု မျှော်လင့်ကြောင်း သို့သော်လည်း အလုပ်ရှင်ဘက်က ၎င်းတို့ ဆန္ဒပြအလုပ်သမားများကို အလုပ်ပြန်မခန့်ဘဲ နစ်နာကြေးသာ ပေးသွားမည်ကိုလည်း စိုးရိမ်ကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ မဇင်မာက ပြောသည်။

အလုပ်သမားဥပဒေပါ အခွင့်အရေးများ ချိုးဖောက်ခံနေရသည့်အပေါ် ရွှေပြည်သာမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန တွင် ၆ ကြိမ်၊ တိုင်းအဆင့်တွင် ၂ ကြိမ် သွားရောက်တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“မြန်မာနိုင်ငံဥပဒေကို သူတို့(စက်ရုံ) က လုပ်ချင်သလို လုပ်နေကြတယ်။ သူတို့အပေါ် ဥပဒေက သက်ရောက်မှုရှိခဲ့မယ်ဆိုရင်တော့ အဲဒီနေ့ သေချာပေါက် အဆင်ပြေသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိကျင့်သုံးလျက်ရှိသည့် လူမှုဖူလုံရေးအာမခံစနစ် သုံးမျိုးအတွက် ထည့်ဝင်ကြေးများအဖြစ် အလုပ်သမားတစ်ဦးချင်း၏ လုပ်ခလစာများအပေါ်မူတည်၍ အလုပ်ရှင်က သုံးရာခိုင်နှုန်း၊ အလုပ်သမားမှ နှစ်ရာခိုင်နှုန်း လူမှုဖူလုံရေးအာမခံအတွက် လစဉ် ပေးသွင်းကြရမည်ဖြစ်ကြောင်း ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အလုပ်ရှင်က ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများကို ပေးသွင်းရန် တမင်ပျက်ကွက်ပါက တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

 

Show More

Related Articles

Back to top button