နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်သို့ မရောက်မီ နာရီပိုင်းအလိုက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုမှာ ရက္ခိုင့်တပ်တော်(AA)နှင့် မသက်ဆိုင်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာရှိ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်ရန် ယနေ့မနက်ပိုင်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မာန်အောင်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် မရောက်မီ နာရီပိုင်းအလို ၆ နာရီခွဲခန့်တွင် စက်ရုံဖွင့်ပွဲလုပ်မည့်နေရာ နှင့် လယ်တစ်ကွက်သာခြားသည့် ငအင်းရွာအနီးတွင် ဗုံးသုံးလုံး ပေါက်ကွဲခဲ့သည်။
“ရခိုင်ဒေသလို တိုက်ပွဲတွေဖြစ်ပြီး ရှုပ်ထွေးနေတဲ့ နေရာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာတဲ့ဥစ္စာကတော့ တော်တော်အန္တရာယ်ရှိတယ်လို့ ပြောလို့ရတယ်” ဟု ခိုင်သုခက ပြောသည်။
မာန်အောင်မြို့နယ်တွင် ယမန်နေ့ညကတည်းက လုံခြုံရေးများ တင်းတင်းကျပ်ကျပ် ချထားခဲ့သော်လည်း ယခုကဲ့သို့ ပေါက်ကွဲမှုများဖြစ်ပွားရခြင်းမှာ စဉ်းစားစရာဖြစ်နေကြောင်း ၎င်းက ပြောသည်။
လတ်တလောတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှစ်ခုအကြား နိုင်ငံရေးအားပြိုင်မှုများဖြစ်ပွားနေရာ AA အပေါ် ဓားစာခံအဖြစ် အပြစ်လွှဲချနိုင်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။
“ICJ (အပြည်ပြည်ဆိုင်ရာတရားရုံး) ကိစ္စမှာ ဒေါ်စုက မထင်မှတ်ဘဲ သူက ပြည်သူရဲ့နှလုံးသားကို သိမ်းပိုက်သွားတယ်” ဟု ခိုင်သုခက ပြောသည်။
နယ်သာလန်နိုင်ငံအခြေစိုက် ထိုတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် စွပ်စွဲကာ ဖွင့်ထားသည့် အမှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် လျှောက်လဲခဲ့ခြင်းအား ရည်ညွှန်းခြင်းဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟက ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
ထိုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင်များ အတူတကွလိုက်ပါသွားကြောင်း NLD ၏ သံတွဲမြို့နယ် ဥက္ကဋ္ဌ ဦးရင်ဝင်းက ပြောသည်။
ယင်းဖြစ်စဉ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ မာန်အောင်ခရီးစဉ်အတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
မာန်အောင်မြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရုံကို တောင်ကိုရီးယားနိုင်ငံအခြေစိုက် ပေါ်စကိုဒေဝူး (Posco Daewoo) ကုမ္ပဏီက ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။