သတင်း

တိုင်စာများကြောင့် မန္တလေးတိုင်းဒေသကြီးအမတ် ဦးရဲမင်းဦးကို ပါတီတာဝန်များမှ ရပ်ဆိုင်းလိုက်ခြင်းဟုဆို

မန္တလေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးကို ပါတီတာဝန်အသီးသီးမှ ရုပ်သိမ်းလိုက်ခြင်းမှာ တိုင်စာများကြောင့်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မန္တလေးတိုင်းဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။

ပုသိမ်ကြီးမြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးအား ပါတီတာဝန်အသီးသီးမှ ရပ်ဆိုင်းရန် နိုဝင်ဘာ (၂၃) ရက်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဖြင့် ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာ (၂) တွင် ၎င်းထံ စာရောက်လာခြင်းဖြစ်သည်ဟု တိုင်းဥက္ကဋ္ဌက ဆိုသည်။။

“ကိုယ်စားလှယ်တိုင်ကြားရေးဌာနဆိုတာရှိတယ်၊ ‌ဒေါက်တာမျိုးညွန့် (ပါတီပြောရေးဆိုခွင့်ရှိသူ) တို့ဆီ၊ အဲဒီကိုတိုင်စာတွေရောက်တော့ ဟိုကခေါ်စစ်တယ်၊ စစ်ဆေးတွေ့ရှိချက်ကို ဗဟိုအလုပ်အမှုဆောင်တွေဆီ တင်ပြတဲ့အတွက် အဲဒီစစ်ဆေးချက်ကို အတည်ပြုပေးလိုက်တာပါ” ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များထံသို့ တိုင်ကြားစာများရောက်ရှိလာပါက ပထမအချက်အနေဖြင့် တိုင်ကြားသည့်တရားလိုအား ပစ္စည်းသက်သေ၊ လူသက်သေဖြင့် ခေါ်ယူစစ်ဆေးရပြီး၊ ခိုင်လုံမှုမရှိပါက အသေးစိတ်ပြန်လည်စစ်ဆေးရသည်ဟု သိရသည်။

တိုင်ကြားချက်များ ခိုင်လုံမှုရှိပါက စွပ်စွဲခံရသူကို စစ်ဆေးကာ ၎င်းအနေဖြင့်လည်း ပစ္စည်းသက်သေ၊ လူသက်သေဖြင့် ပြန်လည်ချေပခွင့်ရှိကြောင်း၊ မခိုင်လုံလျှင် အမှုကို‌ ဆောလျင်စွာ ပိတ်သိမ်းလိုက်ကြောင်း၊ ယခု လွှတ်တော်ကိုယ်စားလှယ်အား တိုင်ကြားမှုကို ပါတီစည်းကမ်းလုပ်ထုံးလုပ်နည်းနှင့်အညီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဥက္ကဋ္ဌက ဆိုသည်။

ပါတီတာဝန်မှ ရပ်ဆိုင်းခံထားရသူ လွှတ်တော်အမတ် ဦးရဲမင်းဦးက

“ခုချိန်ထိတော့ ကျွန်တော့်ဆီကို စာမရောက်သေးပါဘူး။ အွန်လိုင်းမှာတော့ တွေ့နေရတယ်။ ကျွန်တော် လူကြီးတွေကို ဖြေထားသလိုပါပဲ။ အယူခံလေး ဝင်သွားဖို့ရှိပါတယ်။ စာက ခုချိန်ထိ မရောက်သေးပါဘူး” ဟု Myanmar Now ကို ပြောသည်။

တိုင်းဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးကလည်း ယခုကိစ္စကို ဦးရဲမင်းဦးထံ အကြောင်းမကြားရသေးဟု ဆိုသည်။

ကိုယ်စားလှယ်ဦးရဲမင်းဦးကို တိုင်ကြားသည့်စာမှာ မည်ကဲ့သို့တိုင်စာဖြစ်ကြောင်း အသေးစိတ်ကိုမူ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက မဖြေကြားခဲ့ပေ။

ရပ်ဆိုင်းလိုက်သည့်စာ ရပြီးနောက် ဆက်လက်စစ်ဆေးဦးမည်ဖြစ်ပြီး ဦးရဲမင်းဦးအနေဖြင့်လည်း ပြန်လည်ချေပခွင့်ရှိသေးသည်။ သူက “အယူခံတက်သွားဦးမှာ” ဟု ဆိုသည်။

ဦးရဲမင်းဦးသည် မန္တလေးခရိုင်နှင့် ပုသိမ်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်ပြီး အဆိုပါတာဝန်များနှင့် မြို့နယ်ရှိပါတီတာဝန်များ၊ ကော်မတီတာဝန်များအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သော်လည်း ပါတီဝင်အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီ၏ နာမည်ကြီးတဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ကို ၂၀၁၈၊ စက်တင်ဘာက ပါတီတာဝန်များမှ ရပ်ဆိုင်းခဲ့ဖူးသည်။ ထို့နောက် ဒေါ်သက်သက်ခိုင်က နုတ်ထွက်စာတင်ခဲ့ပြီး ပါတီက ခွင့်ပြုခဲ့သည်။

ထို့ပြင် ယခုနှစ် သြဂုတ်ကလည်း တနင်္သာရီတိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအေးနိုင်၊ အလုပ်အမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒေါ်မြရတနာထက်တို့ သုံးဦးကို ပါတီတာဝန်မှ ရပ်စဲခဲ့သေးသည်။

Show More

Related Articles

Back to top button