ရုပ်သံသတင်း

ပြန်လည်ရင်ကြားစေ့လာသော ကချင်နှင့် ရှမ်းနီ (ရုပ်သံ)

ကချင်ပြည်နယ်မှာ အတိတ်ဖြစ်ရပ်ဆိုးကို သင်ခန်းစာယူပြီး အေးအတူပူအမျှ ပြန်လည်နေထိုင်နိုင်ဖို့ အရပ်ဘက်အဖွဲ့များ၊ ဒေသခံများ ပူးပေါင်း ကြိုးစားနေကြပါတယ်။ ကချင်ပြည်နယ်မှာ KIA နဲ့ တပ်မတော် ၁၉၉၄ ကနေ ၂ဝ၁၁ အထိ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ကြပြီး နောက်ပိုင်းဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုတွေမှာ ရှမ်းနီအများစုပါဝင်တဲ့ ဌာနေပြည်သူ့စစ်တွေနဲ့ KIA တိုက်ခိုက်တာတွေ ဆယ်ကြိမ်ထက်မနည်း ပေါ်ပေါက်ခဲ့တာပါ။ ဒီလိုဖြစ်စဉ်တွေရှိနေပေမယ့် လက်ကိုင်မဟုတ်တဲ့ဌာနေ ကချင်နဲ့ရှမ်းပြည်သူတွေကြားမှာ အေးအေးချမ်းချမ်းနေထိုင်ကြတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့မျာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းခဲ့ဖူးတဲ့ ဒေါ်ခင်ပြုံးရည်က ပြောပါတယ်။ ရှမ်းနဲ့ကချင်တိုင်းရင်းသားတွေ သွေးကွဲလာအောင် လုပ်ဆောင်ကာ ကိုယ်ကျိုးစီးပွားအမြတ်ထုတ်လိုသူတွေ ရှိတတ်ကြပေမယ့် ကာလတိုအတွင်းသာဖြစ်တယ်လို့ သုံးသပ်နေတာတွေလည်း ရှိပါတယ်။ ၂ဝ၁၆ ခုနှစ်က ရှမ်းအများစုပါဝင်တဲ့ ကိုယ်စားလှယ် ၇ ဦးက KIA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လူမျိုးစုတွေကြားက ပဋိပက္ခ လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင်တိုင်းရင်းသားတွေရင်ကြားစေ့ရေးကို ကြိုးပမ်းလုပ်ဆောင်လာတဲ့ ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။ ကချင်ပြည်နယ်က ကာလရှည်ကြာနေတဲ့ ပဋိပက္ခတွေဟာ မြန်မာကသာမက ကမ္ဘာကပါစိတ်ဝင်စားမှုကိုခံနေရတာပါ။ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ သောင်တင်ပြီးမျှော်လင့်ချက်မဲ့နေတဲ့ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရေး၊ မူလနေထိုင်ရာ ဒေသတွေကို ပြန်နိုင်ရေး စတာတွေကို မျှော်လင့်နေကြပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://www.youtube.com/watch?v=WWHT27I-jkY]

Show More

Related Articles

Back to top button