အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲမှု တရားရုံး လက်ခံ

ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ မယမင်းမြတ်နှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုမှုအား မရမ်းကုန်းမြို့နယ်တရားရုံးက ယနေ့ (နိုဝင်ဘာ ၁၅ ရက်) တွင် လက်ခံလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ ပြန်လာသည့် ကိုကျော်နိုင်ကို ရန်ကုန်တွင်နေထိုင်သည့် ဇနီးဖြစ်သူ မယမင်းမြတ် (ခ) မိုးနှင်းဖြူက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အောက်တိုဘာ ၁၉ ရက်က လာကြိုရာ ရဲတပ်ဖွဲ့က နှစ်ဦးစလုံးကို တစ်ပြိုင်တည်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား အောက်တိုဘာလ ၁၉ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ပထမအကြိမ် ချုပ်ရမန်ယူခဲ့ပြီး ဒုတိယအကြိမ် ရမန်ကို နိုဝင်ဘာလ ၂ ရက်မှ ယနေ့အထိ ယူခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ရန်ကုန်တိုင်း၊ သတင်းတပ်ဖွဲ့မှ ဒုရဲမှူးမင်းခိုင်က တရားလိုလုပ်ပြီး မရမ်းကုန်းရဲစခန်းတွင် အမှုဖွင့်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ထွန်းမြတ်နိုင် မိသားစုဝင်ဖြစ်ရုံနဲ့ ဖမ်းဆီးခံရတယ် အဲဒါတရားသလား”

ဟု ၎င်းက မယမင်းမြတ်က ယနေ့ တရားရုံးအထွက်တွင် ပြောဆိုခဲ့သည်။

စက်တင်ဘာလအတွင်းက AA နှင့်ဆက်သွယ်သည်ဟုဆိုကာ မန္တလေးမြို့တွင် လူခြောက်ဦးကို ဖမ်းဆီးခဲ့ရာ အဆိုပါအမှုမှ တိမ်းရှောင်နေသည့် ဆက်စပ်တရားခံ ကိုမောင်မောင်စိုးအား ကိုကျော်နိုင်က ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် တွေ့ဆုံခဲ့ပြီး ထိုင်းဘတ်ငွေ ၂၀၀၀ ထောက်ပံ့သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း တရားစွဲဆိုမှုကို လက်ခံခဲ့သည့် မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက တရားရုံးတွင် မီဒီယာများကို ပြောသည်။

ယနေ့ တရားခွင်တွင် ပထမအကြိမ် ချုပ်ရမန်ရယူစဉ်က ၎င်း၏နာမည်မပါဝင်ဘဲ ရဲတပ်ဖွဲ့က ချုပ်နှောင်ထားမှုအတွက် မယမင်းမြတ်က တရားသူကြီးအား စောဒကတက်ခဲ့သည်။

သို့သော် တရားသူကြီးက မယမင်းမြတ်၏နာမည် ပါဝင်ကြောင်းနှင့် “အစ်မ မကြားတာဖြစ်ပါလိမ့်မယ်” ဟု တရားခွင်တွင် တုံ့ပြန်ခဲ့သည်။ ထို့နောက် ရဲဝန်ထမ်းတစ်ဦးကလည်း မယမင်းမြတ်၏ နာမည်ပါဝင်ကြောင်း စာရွက်ကို တရားခွင်တွင် ထုတ်ပြသည်ကို တွေ့ရသည်။

ချုပ်ရမန် နှစ်ကြိမ်ပြည့်သည့် ယနေ့တွင် ရဲတပ်ဖွဲ့၏ တရားစွဲတင်မှုအား လက်ခံလိုက်ပြီး နောက်တစ်ကြိမ်ရုံးချိန်းတွင် အမှုအား ရက်သတ်မှတ်ကာ အပြီးသတ်စစ်ဆေးနိုင်ရန် မှုခင်းစီမံခန့်ခွဲမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း တရားရုံးထံမှ သိရသည်။ တရားခွင်အပြီးတွင် ၎င်းတို့နှစ်ဦးကို အင်းစိန်ထောင်သို့ ပြန်လည်ခေါ်ဆောင်သွားသည်။

အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) သည် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်သော ပုဒ်မဖြစ်သည်။

သြဂုတ်လအတွင်းကလည်း စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော် နှင့် ရခိုင်အသင်း(စင်ကာပူ) အသင်းဝင်များအပါအဝင် လူ ၈ ဦးကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားသေးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button