သတင်း

ဆဲဗင်းဂျူလိုင်ချီတက်ပွဲကြောင့် ဖမ်းခံရသည့် ကျောင်းသားခေါင်းဆောင်ကို အင်းစိန်ထောင်ပို့ ချုပ်နှောင်

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးသည် ဇူလိုင် က ရန်ကုန်တွင် ကျင်းပခဲ့သည့် ၅၇ နှစ်မြောက် ဆဲဗင်းဂျူလိုင်နှစ်ပတ်လည် လမ်းလျှောက်ချီတက်ပွဲတွင် ခွင့်ပြုချက်မတင်ဘဲ ဦးဆောင်ပါဝင်ခဲ့သည်ဟုဆိုကာ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံရသူဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ၁၉၆၂ ခုနှစ်က ဖြိုချဖျက်ဆီးခံခဲ့ရသည့် အထိမ်းအမှတ်အဖြစ် ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်မှ ကျောင်းသားသမဂ္ဂရင်ပြင်အထိ ချီတက် အလေးပြုခဲ့ကြသည့် ကျောင်းသားများအနက်မှ ကိုဝေယံဖြိုးမိုးအပြင်  အခြားကျောင်းသား ငါးဦးလည်း တရားစွဲခံခဲ့ရသည်။

တရားစွဲဆိုခံရသူ ခြောက်ဦးအနက် လေးဦးကို ကမာရွတ်မြို့နယ် တရားရုံးတွင် ဩဂုတ်လ ၂၈ ရက်နေ့က စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၁၅ ရက် (သို့) ငွေဒဏ် သုံးသောင်းကျပ် ပေးဆောင်ရန် အမိန့်ချခဲ့သည်။ ၎င်းတို့ထဲမှ ကျောင်းသားနှစ်ဦးက ဒဏ်ငွေဆောင်ခဲ့သော်လည်း အခြားနှစ်ဦးက ထောင်ဒဏ်ကို ရွေးခဲ့သည်။

တရားရုံးသို့ မလာရောက်ခဲ့သည့် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးနှင့် ကိုသူရလင်းတို့သည် ဖမ်းဝရမ်းထုတ်ခဲ့ရပြီး လေးလနီးပါးအကြာ ယမန်နေ့တွင် ကိုဝေယံဖြိုးမိုး ဖမ်းခံရခြင်းဖြစ်သည်။

သူ့အား တရားရုံးမှ ထောင်ဒဏ်နှင့် ငွေဒဏ် ရွေးခိုင်းမည်ဆိုပါက ထောင်ဒဏ်ကိုသာ ရွေးချယ်မည်ဖြစ်သည်ဟု ကိုဝေယံဖြိုးမိုးက ပြောသည်။

ကျွန်တော့အနေနဲ့ကတော့ ကိုယ့်ကိုယ်ကို အပြစ်မရှိဘူးလို့ ယူဆပါတယ်ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ဗကသကျောင်းသားများ ဦးဆောင်နေသည့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဆန္ဒပြပွဲများတွင်လည်း ကိုဝေယံဖြိုးမိုးမှာ ဦးဆောင်ပါဝင်နေပြီး ရဲက အမှုတည်ဆောက်သည့်အခါတွင် ထိုအချက်များကို ထည့်သွင်းထားခြင်းမရှိကြောင်း ကိုဝေယံဖြိုးမိုးက ယနေ့ရုံးချိန်းအထွက်တွင် ပြောသည်။

ကိုဝေယံဖြိုးမိုးအပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ထားသည့် ကျောင်းသားပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ယမန်နေ့က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button