အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မီးသတ်သမားများနှင့်အတူ ဖမ်းထားသည့် အရပ်သား ၁၂ ဦးကို AA ပြန်လွှတ်

မီးသတ်သမားများနှင့်အတူ ဖမ်းဆီးထားသည့် အရပ်သား ၁၂ ဦးကို မြောက်ဦးမြို့နယ်အတွင်း၌ ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီး မီးသတ်သမားများကိုလည်း ပြန်လွှတ်ပေးသွားဖို့ရှိကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရအရာရှိ ခိုင်သုခက ယနေ့(အောက်တိုဘာ ၂၈ ရက်) ပြောသည်။

ပြင်ဦးလွင်မြို့မှ သင်တန်းတက်ပြီး ပြန်လာသည့် ဒု–မီးသတ်ဦးစီးမှူးတစ်ဦးအပါအဝင် မီးသတ်သမား ၁၉ ဦးနှင့် အရပ်သား ၁၂ ဦးတို့စီးနင်းလာသည့်ကားကို AA တပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့တွင် မြောက်ဦးမြို့နယ် ထမရာဇ်ကျေးရွာအနီး၌ တားဆီးကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက် ညနေပိုင်းတွင် ဖမ်းဆီးထားသူများထဲမှ ပန်းရန်လုပ်သား ၉ ဦးနှင့် ကားသမား ၃ ဦး စုစုပေါင်း ၁၂ ဦးကို စစ်ဆေးမှုများအရ စစ်ဘက်နှင့်ပတ်သက်မှုမရှိသောကြောင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ခိုင်သုခက Myanmar Now ပြောသည်။

“ မီးသတ်သမားတွေကိုလည်း ကျွန်တော်တို့ကတော့ လုံခြုံရေး အခြေအနေကိုမူတည်ပြီးတော့ အဆင်ပြေရင်ပြေသလို လွှတ်ပေးသွားဖို့ရှိတယ် ” ဟု ခိုင်သုခက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြန်လွတ်လာသည့် အရပ်သား ၁၂ ဦးကို ကန်စောက်အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးနိုင်နှင့် တိန်ညိုစစ်ဘေးရှောင် ကူညီရေးကော်မတီဝင်များ စုပေါင်းပြီး မြောက်ဦးကားဂိတ်သို့ လိုက်ပို့ပေးလိုက်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်ကလည်း အတည်ပြုပြောဆိုသည်။

ယမန်နေ့ည ၅ နာရီခန့်က မြောက်ဦးမြို့နယ် ရန်ကုန်–စစ်တွေကားလမ်းအတိုင်းသွားနေသည့် လူ ၁၂ ဦးကို ဘူးရွက်မညိုးကျွေးရွာအနီးတွင် တွေ့ရှိရသည့်အတွက်မေးပြန်းရာတွင် AA မှ ပြန်လွှတ်ပေးလိုက်သူများ ဖြစ်သောကြောင့် လိုအပ်သည့်အကူအညီများပေးခဲ့ကြောင်း မြောက်ဦးမြို့နယ် ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးနိုင်က ပြောသည်။

ညနေစောင်းနေသည့်အတွက် ၎င်းတို့ကို လက္ကာရွာတွင် တစ်ညအိပ်ခိုင်းပြီးနောက်နေ့မနက် ၅ နာရီတွင် မြောက်ဦးကားဂိတ်သို့ ပို့ဆောင်ပေးလိုက်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မနက်ကလည်း စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ထွက်ခွာလာသည့် ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးတွင် AA အဖွဲ့ဝင်များက တားဆီးကာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနဝန်ထမ်း ၂ ဦးနှင့် အရပ်သား ၁၃ ဦး  စုစုပေါင်း ၅၈ ဦးကိုဖမ်းဆီးခဲ့သည်။

ထို့နောက် ဖမ်းဆီးထားသူများကို AA က စက်လှေသုံးစီးဖြင့် တခြားနေရာသို့ရွှေ့ပြောင်းနေစဉ် တပ်မတော်က ရဟတ်ယာဉ်များနှင့် လိုက်လံတိုက်ခိုက်ခဲ့သည့်အတွက် စက်လှေနှစ်စီးနစ်မြုပ်သွားပြီး AA တပ်ဖွဲ့ဝင်များရော ဖမ်းဆီးခံထားရသူများပါ အများအပြားသေဆုံးသွားသည်ဟု AA က ယမန်နေ့ကထုတ်ပြန်ခဲ့သည်။

တပ်မတော်က လိုက်လံတိုက်ခိုက်နေမှုကြောင့် ဖမ်းဆီးထားသူများထဲမှ ထွက်ပြေးလွတ်မြောက် သွားသူများရှိသလို ဆက်လက်ထိန်းသိမ်းထားသူများလည်း  ရှိနေဆဲဖြစ်ပြီး အရေအတွက်အတိအကျကို မကြာခင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရအရာရှိ ခိုင်သုခကဆိုသည်။

 AA က ဖမ်းဆီးထားသည့်အတွက် လိုက်လံကယ်တင်မှုများ တပ်မတော်က လုပ်ဆောင်နေပြီး စုစုပေါင်း ၁၄ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း တပ်မတော်က အောက်တိုဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles