သတင်း

ဒေသခံများကို ကျောက်မထွက်သော နေရာတွင်လုပ်ကိုင်ခွင့်ချထား၍ဟုဆိုကာ မိုးကုတ်တွင်ဆန္ဒပြ

ဒေသခံလက်လုပ်လက်စားများအား ချထားပေးရန် ပြုလုပ်နေသည့် ကျောက်မျက်လုပ်ကွက်များမှာ ကျောက်မထွက်သည့် နေရာများဖြစ်သည့်အတွက် တရားမျှတမှုရှိသည့် သယံဇာတ စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေးဟုဆိုကာ မိုးကုတ်မြို့ဒေသခံ ၂၀၀ ခန့်က ယနေ့ တနင်္ဂနွေနေ့တွင် မြို့အတွင်းလှည့်လည်ဆန္ဒပြကြသည်။

တရားမျှတမှုရှိသည့် သယံဇာတ စီမံခန့်ခွဲမှုဖြစ်ပေါ်ရေး (မိုးကုတ်ဒေသပြည်သူလူထု အားအကျိုးမပြုသော ကျောက်မျက်လုပ်ကွက်နယ်မြေ သတ်မှတ်ထားခြင်းအား ပယ်ဖျက်ပေးရေး)၊ ယခင်သတ်မှတ်လုပ်ကွက် ဧရိယာအတွင်း လက်လုပ်လက်စားလုပ်ကွက်များ သတ်မှတ်ပေးရေး၊ လက်ဝါးကြီးအုပ်စီးပွားရေးစနစ် မကြီးစိုးရေး စသည့် အချက်သုံးချက်ကို ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် နှစ်လယ်ခန့်တွင် ကျောက်မျက်ဥပဒေရေးဆွဲခဲ့ပြီး ယင်းဥပဒေတွင် ဒေသခံလက်လုပ်လက်စားများအား ချထားပေးရန် နေရာများမှာ ကျောက်မထွက်သည့် နေရာများဖြစ်သည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင်ပါ၀င်သည့် မိုးကုတ်ကျောက်ကုန်သည် ပွဲစားများအသင်း အတွင်းရေးမှူး ကိုဇော်ဝင်းကပြောသည်။

“ကျောက်မထွက်သ‌လောက်ဖြစ်တဲ့ အစွန်အဖျားဒေသတွေမှာ လုပ်ကွက်ချထားပေးတာ တရားမျှတမှုမရှိတဲ့အတွက် မကျေနပ်တာပါ။ ဒီဥပဒေအတည်ဖြစ်သွားမှာကို ကျွန်တော်တို့ဒေသခံတွေ စိတ်ပူ‌နေပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ကျောက်မထွက်သည့်နေရာများ၌ လုပ်ကွက်ချထားပေးခြင်းနှင့် ပတ်သက်၍  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ကြောင်း သို့သော် ဝန်ကြီးဌာနဘက်က ဘူမိဗေဒ၏ စီမံခန့်ခွဲမှုအရ ပြုလုပ်ရခြင်းဖြစ်သည်ဟုသာ ပြောဆိုကြောင်း ၎င်းကဆိုသည်။

ရေဝေ၊ လောင်းစင်၊ ရွှေညောင်ပင်၊ ကျောက်ပုံ၊ ကြွက်နားဖ၊ ထင်းရှူးတောင် အစရှိသည့် ကျောက်မထွက်သည့် နေရာများသို့ လုပ်ကွက်ချထားပေးရာ အသွားအလာ ဝေးလံခေါင်သီခြင်း၊ မြေလွတ်မြေရိုင်းနည်းပါးခြင်း၊ ငှက်ဖျား‌ရောဂါ‌ပေါများခြင်းစသည့် အခက်အခဲများကြုံရသည်ဟု ဆန္ဒပြပွဲဦးဆောင်သူ ကျောက်ပြာသာဒ်ကျေးရွာသား ဦးဇော်ဝင်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ အသေးစားလုပ်ကွက်နေရာချထားပေးသည်ဆိုသောသတင်းမှာ တရားဝင်မဖြစ်သေးဟု ပြောသည်။

နည်းနည်းလေးလွဲနေတာက လက်လုပ်လက်စားအတွက် အသေးစားနေရာချထားတယ် ဆိုတာက ထွက်လာတဲ့သတင်းအရ ပြောနေဆိုနေတာပဲရှိသေးတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေဆီကို တရားဝင်စာရောက်လာခြင်း မရှိသေးပါဘူးဟု မိုးကုတ်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောသည်။

သို့သော်ဒေသခံများ ပြောသည့်နေရာများမှာ အမှန်တကယ် ဝေးလံပြီး ကျောက်ထွက်နိုင်ခြေနည်းကြောင်း၊ ၎င်းတို့အနေဖြင့်အဆိုပါကိစ္စကို အစိုးရအား တင်ပြတောင်းဆိုထားပြီး အကြောင်းပြန်မှုမရသေးကြောင်း၊‌ ယခုလ ၂၈ ရက်‌ တနင်္လာနေ့တွင် ထပ်မံ၍ နောက်ဆုံးအကြိမ် စာတင်တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျောက်ထွက်နိုင်ခြေလည်းနည်းတယ်၊ ဝေးတဲ့တောတောင်တွေထဲဆိုတော့ ဒေသခံတွေ အခက်အခဲ အန္တရာယ်တွေရှိတယ်။ ဒါ့ကြောင့်ကျွန်တော်တို့က သက်ဆိုင်ရာ လွှတ်တော်ပြင်ဆင်ရေးကော်မတီကို တင်ပြထားပါတယ်။ တစ်ခုခု အကျိုးထူးမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

Show More

Related Articles

Back to top button