အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သယံဇာတထိန်းချုပ်မှု လျှော့ချရန် ဗဟိုအစိုးရကို ရခိုင်ကွန်ရက်တောင်းဆို

ရန်ကုန် – ရခိုင်ပြည်နယ်ရှိ သယံဇာတ၊ မြေယာတို့နှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရကိုယ်တိုင် ပိုင်ဆိုင်၊ စီမံပိုင်၊ ဆုံးဖြတ်ခွင့်တို့ ရရှိရေးအတွက် ဒေသတွင်း ကောက်ယူထားသော လူထုဆန္ဒပြုလက်မှတ် သုံးသိန်းဝန်းကျင်ရရှိထားသည်ဟု ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောသည်။

ကွန်ရက်တာဝန်ရှိသူတို့က ရခိုင်ပြည်နယ်တွင်းမှ ရရှိသည့် ဒေသခံတို့၏ သဘောထားလက်မှတ်များကို အစိုးရထံ ပေးပို့ပြီး ရခိုင်ပြည်နယ်၏ ရပိုင်ခွင့်များကို တောင်းဆိုသွားမည်ဟု ရန်ကုန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။

သယံဇာတခွဲဝေမှုပြဿနာသည် ရခိုင်ပြည်တစ်ခုတည်းတွင်သာ ကြုံတွေ့နေရခြင်း မဟုတ်ဘဲ တိုင်းရင်းသားဒေသအသီးသီးတွင် ဖြစ်ပေါ်နေသည်ဟု ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောသည်။

“သယံဇံတခွဲဝေမှုပြဿနာကိုဖြေမရှင်းနိုင်ရင် ကျွန်တော်တို့ဟာ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်လို့ မရဘူး။ ကျွန်နော်တို့ ပြည်တွင်းရေးဟာ တိုင်းရင်းသားတွေအနေနဲ့ မလွှဲမရှောင်သာ လက်နက်ကိုင်ရတဲ့ သဘောမျိုး၊ ပြည်တွင်းစစ်နဲ့ သယံဇာတပြဿနာဟာ တကယ့်ကို နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါတယ်” ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးဦးလှစောက သတင်းထောက်များကို ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေသည့် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင်လည်း သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်တို့ကို ဗဟိုအစိုးရချုပ်ကိုင်ထားမှု လျှော့ချပြီး ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့တို့ကို ခွဲဝေမှသာလျှင် နိုင်ငံအတွက် ပိုမိုအကျိုးရှိမည်၊ ခိုင်မြဲသည့်ငြိမ်းချမ်းရေး ရရှိမည်ဟု တိုက်တွန်းထားသည်။

ဗဟိုအစိုးရချုပ်ကိုင်ထားမှုကို ဖြေလျှော့ရန်အတွက် အခြေခံဥပဒေပါ ရေ၊ မြေ၊ သဘာဝသယံဇာတဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရမည်ဟု ထိုအဖွဲ့က ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မှထွက်သော သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ ရောင်းချခြင်းဖြင့် ဗဟိုအစိုးရက နှစ်စဉ် ဒေါ်လာတစ်ဘီလျံမက ရရှိနေချိန်တွင် ဒေသခံတို့မှာ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ မြေယာ အသိမ်းခံရခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

———————-
(အေးအေးသန်းသည် RIA သတင်းဌာနမှ ဖြစ်ပြီး ရန်ကုန်မြို့Myanmar Now သတင်းအေဂျင်စီရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button