
ဒေါ်အောင်ဆန်းစုကြည်ကို Facebook စာမျက်နှာပေါ်တွင် ဝေဖန်ပုတ်ခတ်သည့် စာရေးသားခဲ့ခြင်းကြောင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံနေရသည့် ငါးမင်းဆွေ၏အယူခံကို ရန်ကုန်တိုင်း တရားလွှတ်တော်က ယနေ့တွင် ပယ်ချလိုက်သည်။
ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို ၂၀၁၈ စက်တင်ဘာလတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် (၇) နှစ် ငွေဒဏ် (၁) သိန်းကျခံစေရန် ရန်ကုန်အနောနှောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချခဲ့သည်။
ပုဒ်မ ၁၂၄(က) အရ အစိုးရကို လူအများက မုန်းထားအောင်၊ သို့မဟုတ် မလေးမစားအောင် နှုတ်အားဖြင့်၊ စာအားဖြင့်၊ အမှတ်အသားအားဖြင့်၊ ပုံသဏ္ဌာန်တစ်ခုခုဖြင့် ပြုလုပ်လျှင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ငါးမင်းဆွေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ကြေးရုပ်ကို နေပြည်တော်တွင် ထားရှိသွားမည်ဟု ဇူလိုင်လ ၄ ရက်နေ့တွင် ရေးသားခဲ့သည်။
ဇူလိုင်လ ၁၃ ရက်နေ့ကလည်း သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဓာတ်ပုံဖြင့် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်ချုပ်ကြီးအား အာဏာလွှဲအပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်။
ဆောင်းပါးရှင် ငါးမင်းဆွေသည် တပ်မတော်အစိုးရ အာဏာရစဉ် နိုင်ငံပိုင်သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားခဲ့ဖူးသည်။
[youtube https://youtu.be/RgyGgLC2YLg]