သတင်း

သိန္နီမြို့နယ်တွင်တိုက်ပွဲဖြစ်၊ အရပ်သား ၇ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်တွင်တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့ ယနေ့မနက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် အရပ်သား ခုနစ်ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများက ဆိုသည်။

ယနေ့နံနက် ခြောက်နာရီ ဝန်းကျင်ခန့်တွင် မြို့မဈေးဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်အသံများကို စတင်ကြားရပြီး သိန္နီမြို့နယ် အမှတ် ၁၊ ၂၊ ရပ်ကွက်များတွင် ရပ်ကွက်အတွင်းထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု သိန္နီမြို့နယ်တအာင်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ တာဇောတိကက ပြောသည်။

တစ်နာရီခွဲခန့်ကြာ ပစ်ခတ်မှုများအတွင်း ဒဏ်ရာရခဲ့သည့် အရပ်သားများအား သိန္နီမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီးနောက်ဆက်တွဲအကူအညီများ ပေးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်နေသည်ဟု ရှမ်းပြည်နယ်လွှတ်တော်၏ သိန္နီမြို့နယ်အမတ်

ဒေါ်နန်းခင်ထားရီက ပြောသည်။

အခုလောလောဆယ်တော့ မြို့ထဲမှာကျပြီး မကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို ရှင်းလင်းဖို့ လုပ်နေရတယ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဒေါ်နန်းခင်ထားရီက ပြောသည်။

တိုက်ခိုက်မှုများ ရပ်တန့်သွားပြီးနောက် တပ်မတော်က သိန္နီမှ လားရှိုးမြို့ဘက်အထွက်ရှိ နမ့်တူတံတားကို ယာယီ ပိတ်ထားခဲ့ပြီး နေ့လယ်ပိုင်းတွင် ပြန်လည်အသုံးပြုခွင့် ပေးခဲ့ကြောင်း သိန္နီမြို့နယ် တအာင်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ တာဇောတိကက ပြောသည်။

ယနေ့နံနက် တိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း TNLA ကလည်း သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့အား ထိုးစစ်ဆင်ရန် ချီတက်လာသည့် စစ်ကား ခုနှစ်စီးပါ တပ်မတော်ယာဉ်တန်းကို ကြိုတင်ခုခံကာကွယ်သည့်အနေဖြင့် သိန္နီမြို့မဈေးအနီးတွင်

တိုက်ခိုက်ခဲ့ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

သြဂုတ် ၁၅ ရက်နေ့မှ စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည်။

တပ်မတော်က ယခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့အထိ ကိုးလကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခဲ့ပြီး မြောက်ပိုင်းသုံးဖွဲ့ကလည်း ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့အကြား နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံမှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သော်လည်း တိကျသည့်အဖြေကို မရရှိသေးသည့်အတွက်

အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူထားကြသည်။

Show More

Related Articles

Back to top button