အစိုးရအလိုမရှိကြောင်း ပုတ်ခတ်ရေးသားထားသည့် စာရွက်များကို မန္တလေးမြို့ လူစည်ကားရာ လမ်းများပေါ်တွင် ယနေ့နံနက် အစောပိုင်းက လိုက်လံကြဲချသွားခဲ့ကြောင်း အမှတ် ၇ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ဇော်ဝင်းက ပြောဆိုသည်။
လိုက်လံကြဲချခဲ့သူများကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး လတ်တလောအထိ ဖမ်းဆီးရမိမှု မရှိသေးကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ အခု လိုက်ရှာနေပါတယ်။ CCTV တွေ စစ်ဆေးနေပါတယ်။ ဘယ်သူဘယ်ဝါ မသိရသေးပါဘူး။ အရေးယူမှုတွေ လုပ်သွားမှာပါ“ ဟု အမှတ် ၇ ရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းက ပြောသည်။
အဆိုပါစာရွက်တွင် အပြောနဲ့အလုပ် ထပ်တူမကျ ကတိမတည်သည့် အစိုးရ အလိုမရှိ၊ စီမံခန့်ခွဲမှု မကျွမ်းကျင်သူများအား နေရာပေးသည့် အစိုးရ အလိုမရှိ၊ တိုင်းရင်းသားအရေး လျစ်လျူရှု၍ ကုလားအရေး ဦးစားပေးသည့် အစိုးရ အလိုမရှိ အစရှိသည့် အချက်များအပါအဝင် အစိုးရကို ပုတ်ခတ်ရေးသားထားသော အချက် ၈ ချက်ပါ စာရွက်များကို ၈၆ လမ်း၊ ၃၈ လမ်းမှစ၍ ၈၇ လမ်း၊ ၈၈ လမ်းအထိ အရွက်ရေ ၁၀၀ ကျော် ကြဲချခဲ့ကြောင်း ယင်းစာရွက်များ လိုက်လံသိမ်းဆည်းခဲ့သူ ဒေးဝန်းအရှေ့ ရာအိမ်မှူး ဦးအောင်လွင်ဌေးက ပြောသည်။
ယင်းစာရွက်များ ကြဲချထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLDပါတီ) ဝင်တစ်ဦးက တွေ့ရှိပြီး လာရောက်တိုင်တန်းသဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့နံနက် ၅နာရီခွဲခန့်က သိရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းစာရွက်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်းစုဟု အမည်နှင့် တံဆိပ်တပ်ထားသည်ကိုလည်း တွေ့ရသည်။
ယင်းစာသားများပါသည့် စတစ်ကာများ၊ စာရွက်များကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့နှင့် ဩဂုတ်လ ၃ ရက်နေ့တို့ကလည်း မန္တလေးမြို့ပေါ်ရှိ ဓာတ်တိုင်များတွင် ကပ်ခြင်း၊ ကြဲချခြင်းတို့ လုပ်ဆောင်ခဲ့သေးသည်။
ဩဂုတ်လ ၃ ရက်နေ့က အဆိုပါစတစ်ကာများကို ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း ၊ ၅၇ လမ်း နှင့် ၅၈ လမ်းကြားအပါအဝင် မန္တလေးမြို့နေရာ အတော်များများတွင် ကပ်ထားခဲ့သည်။
ယခုအကြိမ်မှာ တတိအကြိမ်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်သူများကို ယခင်အကြိမ်များကလည်း ဖမ်းဆီးမိခြင်း မရှိပေ။