သတင်း

ဝင်း‌နှင့်ဇော်အတွက် ဘုရင်ထံ အသနားခံစာတင်ရန် ထိုင်းရှေ့နေများ စတင်လုပ်‌ဆောင်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း (ဝင်းနှင့်ဇော်) တို့၏ ပြစ်ဒဏ်များလျှော့ပေါ့စေရေး ထိုင်းဘုရင်ထံသို့ အသနားခံစာ တင်ပြသွားရန် စတင်လုပ်ဆောင်နေပြီဟု ထိုင်းရှေ့နေများအဖွဲ့က ဆိုသည်။

ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ယနေ့ကျင်းပခဲ့သည့် လိပ်ကျွန်းနှင့် ရနောင်းလူသတ်မှု သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံသား ခရီးသွားများဖြစ်သော ဒေးဗစ် မေလာ (၂၄ နှစ်) နှင့် ဟန်နာ ဝီသာရစ်ချ် (၂၃ နှစ်) တို့ကို ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်ရှိ လိပ်ကျွန်းပေါ်၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် သေဆုံးလျက် တွေ့ရှိခဲ့ကြရပြီး ယင်းလူသတ်မှုအတွက် ထိုကျွန်း၌အလုပ်လုပ်နေသော ယခုအသက် ၂၅ နှစ်အရွယ် ကိုယ်စီရှိသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ကော့စမွီခရိုင်တရားရုံးက လူသတ်မှု၊ မုဒိမ်းမှု၊ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှု အပါအဝင် ပုဒ်မ ခုနစ်ခုဖြင့် အပြစ်ရှိသည်ဟု ၂၀၁၅ ဒီဇင်ဘာလတွင် ဆုံးဖြတ်ကာ သေဒဏ် ချမှတ်ခဲ့သည်။

၎င်းတို့သည် အပြစ်မရှိကြောင်း အယူခံအဆင့်ဆင့် တက်လာခဲ့ရာ နောက်ဆုံးတွင် အဆင့်အမြင့်ဆုံးတရားရုံး ဖြစ်သည့် ထိုင်းတရားရုံးချုပ်က ဩဂုတ်လ ၂၉ ရက်နေ့တွင် အယူခံကို ပယ်ချခဲ့ခြင်းဖြစ်သည်။ တရားရုံးချုပ်တွင် အယူခံရှုံးနိမ့်ပြီးနောက် မြန်မာလုပ်သားများသည် နောက်ဆုံးအဆင့်အဖြစ် ထိုင်းဘုရင်ထံ အသနားခံရန်သာ ကျန်ရှိတော့သည်။

ယင်းကြောင့် ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာနိုင်ငံရှေ့နေများအသင်းတို့ ပူးပေါင်းကာ ထိုင်းဘုရင်ထံသို့ အသနားခံစာကို လာမည့် အောက်တိုဘာ ၂၈ ရက်နေ့ မတိုင်မီ တင်သွင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေ ရတ်စဒါ မနူရက်စဒါ (Ratsada Manooratsada)က ပြောသည်။

“ထိုင်းနိုင်ငံရဲ့စနစ်မှာတော့ ဘုရင်ကိုစာတင်ရင် သေဒဏ်မဟုတ်ဘဲ ထောင်ဒဏ်ပြောင်းလဲပေးလိုက်တဲ့ အနေအထားရှိတာပေါ့။ တချို့အမှုတွေမှာ ပြစ်ဒဏ်ကို ပြောင်းပေးလိုက်တာမျိုးတွေ ရှိပါတယ်။ အမြင့်ဆုံးတရားလွှတ်တော်ချုပ်က စီရင်ချက်ချလိုက်ရင် ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရဲ့ဥပဒေအရ အမှုတွင် အမြင့်ဆုံးတရားလွှတ်တော်ချုပ် က စီရင်ချက်ချမှတ်ပြီးပါက တရားရုံး၏အမိန့်ကို ဝေဖန်ပြောဆိုခွင့်မရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

အမြင့်ဆုံးတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခြင်းဖြစ်သည့်အတွက် နစ်နာသူများအနေဖြင့် အမှုရင်ဆိုင်စဉ် ကာလတွင် မသုံးခဲ့သည့် သက်သေအထောက်အထားမျိုး တင်ပြနိုင်လျှင်တော့ အမှုကို အစအဆုံး ပြန်လည်စစ်ဆေးရန် တောင်းခံနိုင်ကြောင်း၊ သို့သော် လက်ရှိအချိန်ထိ သက်သေအသစ် မတွေ့ရှိသေးကြောင်း သတင်းစာရှင်းလင်းပွဲ လာရောက်သည့် ထိုင်းရှေ့နေများက ပြောသည်။

“DNA ချင်းတူပါတယ်ဆိုပြီးတော့မှ ဒီအမှုကို စီရင်ချက်ချလိုက်တာပါ။ ဒါပေမဲ့ ရှေ့နေတွေက လုံးဝ သဘောမတူခဲ့ပါဘူး။ ကျွန်တော်တို့ အခင်းဖြစ်တဲ့နေရာက ကွန်ဒုံးမှာရှိတဲ့ သုက်ပိုးက ဒီကလေးနှစ်ယောက်ရဲ့ သုက်ပိုးမဟုတ်ဘူးလို့ ရုံးတော်ကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရုံးတော်က လက်မခံခဲ့ပါဘူး။ ကျွန်တော်တို့တရားရုံး ရဲ့ စီရင်ချက်ကို လေးစားပေမယ့် သဘောမတူပါဘူး” ဟု မစ္စတာ ဆန်ညာ က Myanmar Now ကို ပြောသည်။

လိပ်ကျွန်းအမှုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး မျက်မြင်သက်သေများ လိုက်လံစုံစမ်းသည့်အခါ ငွေကြေးအခက်အခဲများလည်း ရှိခဲ့ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။

Show More

Related Articles

Back to top button