ရုပ်သံသတင်း

BPI ဆေးဝါးစက်ရုံမှူး ‌‌ဒေါက်တာအောင်ဇော်ရုံးထုတ်တွင် စက်ရုံဝန်ထမ်းများ လာရောက်ဝန်းရံ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသော BPI ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ‌‌ဒေါက်တာအောင်ဇော်ကို ယနေ့ အင်းစိန်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာ စက်ရုံဝန်ထမ်းများ လာရောက်ဝန်းရံခဲ့ကြသည်။

လာ‌ရောက် ဝန်းရံသည့် စက်ရုံဝန်ထမ်း အယောက် ၁၀၀ ခန့်ရှိကြောင်း ယင်း‌နေရာတွင် ‌ရောက်ရှိနေသည့် Myanmar Now သတင်း‌ထောက်က သတင်း‌ပေးပို့သည်။

ဒေါက်တာအောင်ဇော်တွင် လုပ်ပိုင်ခွင့်မရှိဘဲ အထက်အဆင့်ဆင့် ညွှန်ကြားချက်များအရသာ လုပ်ရခြင်းဖြစ်ပြီး သူ၏ကိုယ်ကျင့်တရားမှာ ပြောစရာမရှိအောင် ကောင်းကြောင်း စက်ရုံကုန်ထုတ်လုပ်မှု ကျသွားမှာ စိုးသည့်အတွက်သာ စက်ရုံမှ လူအနည်းစုက လာရောက်ဝန်းရံခြင်းဖြစ်ကြောင်း လာရောက်ဝန်းရံသူများထဲမှ တစ်ဦးဖြစ်သူ လုံခြုံရေးမှူး ဦးထွန်းထွန်းနိုင်က Myanmar Now ကို ပြောသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း) ကျောက်ဆည်တို့တွင် သွေးကြောသွင်းဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာတွင် ကုမ္ပဏီနှင့် ပူးပေါင်း၍ “ရိုက်စားခွင်များ” ဖန်တီးနေသဖြင့် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားကြောင်း ယင်းတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းကော်မတီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ယင်းသို့ စုံစမ်းစစ်ဆေးရာတွင် ဆေးဝါးစက်ရုံ(အင်းစိန်)၊ စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်း နှင့်မညီဘဲ ဝယ်ယူခဲ့သောကြောင့် နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံး စေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့မရဲစခန်းတွင် စက်တင်ဘာလ ၆ ရက်နေ့က အမှုဖွင့်လှစ်ကာ တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ဖြိုးသီဟချို / Myanmar Now

[youtube https://youtu.be/6w1qthsd-CM]

Show More

Related Articles

Back to top button