ရုပ်သံသတင်း

အိုးဘိုထောင်တွင် အောင်သပြေရွာသားသေဆုံးမှု မျက်မြင်တွေ့သည်ဆိုသူ၏ ပြောဆိုချက်နှင့် ရဲထုတ်ပြန်မှုကွဲလွဲ

အိုးဘိုထောင်အတွင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရစဉ် သေဆုံးခဲ့သည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် အောင်သပြေရွာသား ၈ ဦးမှ တစ်ဦးဖြစ်သူ ကိုနိုင်ထွန်းအောင်က ယနေ့ ရုံးထုတ်တွင် သူမျက်မြင်တွေ့ရှိရသည့် ဖြစ်စဉ်နှင့် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်လွဲနေကြောင်း မီဒီယာများကို ပြောဆိုလိုက်သည်။

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သည်ဟုဆိုကာ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း(ခ)ကိုထွန်းကို ဇွန်လ ၂ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းကို ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့ဖြင့် ဇွန်လ ၂ ရက်နေ့က အမှုဖွင့်ဖမ်းဆီးခဲ့ပြီး အိုးဘိုအကျဉ်းထောင်သို့ ဇွန်လ ၃ ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားသဖြင့် ဒဏ်ရာများရရှိကာ ဇွန်လ ၄ ရက်တွင် ထောင်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ၅ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က ကိုထွန်းမြင့်ဝင်း သေဆုံးပြီး ၂ လကျော်အကြာ သြဂုတ် ၂၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ နှစ်ကြီးအကျဉ်းသားနှင့် ခိုက်ရန်ဖြစ်ပွားသဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

[youtube https://youtu.be/hgofrsySTgc]

Show More

Related Articles

Back to top button