ရုပ်သံသတင်း

အလုပ်ထုတ်ခံရသော အလုပ်သမားများက ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ အကူအညီတောင်း

ရွှေပြည်သာမြို့နယ် အိုကေကြာဆံစက်ရုံတွင် အချိန်ပိုကြေးနှင့် လုပ်ခလစာ အပြည့်အဝမရခြင်း၊ အလုပ်ထုတ်ခံရခြင်းတို့ကြောင့် ဟုဆိုကာ အလုပ်သမားများက ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ယနေ့လာရောက် တွေ့ဆုံခဲ့သည်။

အလုပ်ရှင်က လုပ်ခလစာ အပြည့်အဝမပေးခြင်း ၊ အချိန်ပိုကြေးမပေးခြင်းကြောင့် မြို့နယ်အလုပ်သမားရုံးသို့ တိုင်ကြားခဲ့သော်လည်း နှစ်လကြာသည်အထိ အရေးယူ ဆောင်ရွက်ပေးခြင်းမရှိကြောင်း အလုပ်သမားများက ပြောသည်။

သို့သော် စက်ရုံမန်နေဂျာ ဦး‌အောင်သန်းကမူ လုပ်ခလစာနှင့် အချိန်ပိုကြေးများကို အပြည့်အဝပေးထား‌ကြောင်း ‌ပြောဆိုပြီး အလုပ်ထုတ်ရသည့် အကြောင်းရင်းကိုမူ ‌ပြောဆိုခြင်းမရှိပေ။

ယင်းအပြင် အလုပ်သမားနှင့် အလုပ်ရှင်ကြား လုပ်ခလစာ ပြဿနာဖြစ်နေသည့် ကာလအတွင်း အလုပ်ပုံမှန်ဆင်းနေပြီး ယခုလ ၂၅ ရက်နေ့က အလုပ်သမား ၂၉ ဦးကို အလုပ်မှထုတ်လိုက်ကြောင်း၊ အဆောင်မှဖယ်ပေးရန်လည်း ဖိအားပေးနေ၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင် ကိုလှမျိုးထွန်းက ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ရာတွင် လက်ရှိဖြစ်ပွားနေသည့် ပြဿနာကို စက်တင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမည်ဟု ပြောကြောင်း ၎င်းတို့ကဆိုသည်။

[youtube https://youtu.be/hx04g7DqFtA]

Show More

Related Articles

Back to top button