
ကွတ်ခိုင်၊ ဩဂုတ် ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ပြေစုစည်းကျေးရွာအတွင်း လက်နက်ကြီးကျည်တစ်လုံး ယမန်နေ့ညက ကျရောက်ပေါက်ကွဲသဖြင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင်စုစုပေါင်းသုံးဦး ဒဏ်ရာရသွားသည်ဟု မိသားစုဝင်များနှင့်ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ယနေ့တွင် Myanmar Now ကိုပြောသည်။
ယမန်နေ့ည ၈ နာရီခန့်က ပလောင်လူမျိုးအများစုနေထိုင်သည့်လွယ်ပြေစုစည်းရွာရှိကိုလအိုင်၏ နေအိမ်အနီးသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့်နေအိမ်အတွင်းရှိနေသည့်အသက်၁၀ နှစ်အရွယ်မအေးခွန်မှာကျောတွင်လက်နက်ကြီးအစထိမှန်ခဲ့ပြီးအသက် ၃၂ နှစ်အရွယ် ဦးလအိုင်နှင့်အသက် ၆၀ အရွယ်ဒေါ်အေးကမ်တို့ ခါးတွင် ကျည်စထိမှန်ခဲ့သည်ဟု မအေးခွန်၏ဦးလေး ဦးအိုက်ငုက ကွတ်ခိုင်ဆေးရုံတွင် Myanmar Now နှင့် တွေ့ဆုံစဉ်အတည်ပြုသည်။
မအေးခွန်မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး ကျန်နှစ်ဦးမှာ မစိုးရိမ်ရဘဲ လမ်းကောင်းကောင်း လျှောက်နိုင်သည်ဟု မိသားစုဝင်ကပြောဆိုသည်။
လွယ်ပြေစုစည်းရွာအနီးတွင်ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျည်တစ်လုံးတည်းသာ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်းနှင့် မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သည်ကိုမသိရကြောင်းဒေသခံများကပြောသည်။
“ဖြစ်ဖြစ်ချင်း ကျေးရွာလူကြီးအိမ်ကို သွားပို့လိုက်တယ်၊ လူကြီးကတစ်ဆင့်ကယ်ဆယ်တဲ့အဖွဲ့တွေကဆေးရုံပို့ပေးလိုက်တာပဲ” ဟု ကိုအိုက်ငုက ပြောသည်။
လွယ်ပြေစုစည်းရွာတွင်အိမ်ထောင်စု ၇၈ စုရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိကာ ရွာတွင် အစောင့်များချန်ပြီးလျှင် ကွတ်ခိုင်မြို့ပေါ်သို့ စစ်ရှောင်ကြမည်ဟု ကျေးရွာလူကြီး ဦးအိုက်မြားကပြောသည်။
စစ်ရှောင်မည့်ရွာသားများကို ကွတ်ခိုင် မြို့နယ်စစ်ဘေးရှောင်များအရေးပေါ်ကူညီကယ်ဆယ်ရေးကွန်ရက်က ကူညီပေးနေပြီးကွတ်ခိုင်မြို့ပေါ်တွင် နေရာချထားရေးအတွက်စီစဉ်နေသည်ဟုအသင်းတာဝန်ရှိသူ ဒေါ်လွမ်းညွယ်က ပြောသည်။
ပြီးခဲ့သည့် ၁၈ ရက်နေ့ကလည်း လားရှိုးမြို့နယ် ကုန်းဆာရွာအတွင်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်မှုကြောင့်အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ယခုလ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာငါးခုကို ကိုးကန့်တပ်(MNDDA)၊ရက္ခိုင့်တပ်တော်(AA) နှင့်တအာင်း/ပလောင်တပ် (TNLA) တို့ပူးပေါင်းထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့က စတင်တိုက်ခိုက်လိုက်ပြီး တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်လာခြင်းဖြစ်သည်။
ကွတ်ခိုင်လူမှုကူညီရေး အသင်းများ၏အချက်အလက်များအရ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့ပေါ်တွင် စစ်ရှောင်စခန်းခြောက်ခုသို့ စစ်ရှောင်လာသူပေါင်း ၁၂၀၀ ကျော်ရှိနေသည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ပြီးခဲ့သည့် ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံကူမင်းမြို့သို့ခေါ်ယူ၍ ရှမ်းပြည်နယ်မြောက်ပိုင်း လတ်တလော စစ်ဆင်ရေးများရပ်တန့်ပေးရန် ဖိအားပေးကြောင်း TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်ကပြောသည်ဟု ဧရာဝတီ သတင်းဌာနက ရေးသားထားသည်။