ကျနော်တို့ တဦးနဲ့တဦး စကားပြောကြတယ်ဆိုတာ တကယ်တော့ ပုဂ္ဂိုလ်ရေး (Private) ဖြစ်ပါတယ်။ ခံစားမှုတွေ၊ မိသားစုအရေးတွေဆီကနေ နောက်ဆုံး စီးပွားရေး၊ နိုင်ငံရေးအထိ၊ တစ်ကိုယ်စာအရေးကနေ နိုင်ငံရေးလျှို့ဝှက်ချက်တွေအထိ စကားပြောကြပါတယ်။
အပြင်မှာ လူချင်းတွေ့ နှစ်ကိုယ်ကြားပြောသလိုပဲ ဒီနေ့ ဒီဂျစ်တယ်ခေတ်မှာ စကားပြော၊ စာပို့လို့ရတဲ့ အပလီကေးရှင်း (App – application) တွေကနေတစ်ဆင့် ပြောနေကြပါပြီ။ တကယ်တော့ ဒီဂျစ်တယ် စကားပြော၊ စာပို့ App တွေထဲမှာ ပြောပြီဆိုကတည်းက အရင်ဆုံး သတိချပ်သင့်တာက ဒီပြောစကားတွေကို သိနေတာဟာ ကျနော်တို့ချည်းပဲ မဟုတ်တော့ဘူးဆိုတာပါပဲ။
သင့်အကြောင်းကို သူတို့သိချင် သိလို့ရသည်
ဒီနေ့ခေတ်မှာ ဘယ် ဆိုရှယ်မီဒီယာကို သုံးသုံး ဖုန်းနံပါတ်တစ်ခု မဖြစ်မနေလိုအပ်ပါတယ်။ (နောက်ပိုင်းတော့ E-Sim လို့ခေါ်တဲ့ Electronic Sim တွေပေါ်လာရင် ဒီထဲက တချို့ပြဿနာတွေ ပြေလည်သွားမလားတော့ ကံသေကံမ မပြောတတ်ပါ) ကျနော်တို့ အသုံးပြုထားတဲ့ ဖုန်းနံပါတ်တွေကို ထုတ်လုပ်တဲ့ ဆက်သွယ်ရေး (MPT, Telenor, Ooredoo, MyTel) စတဲ့ ကုမ္ပဏီ (Telecom Provider) တွေဟာ ကျနော်တို့သုံးနေတဲ့ သူတို့ရဲ့နံပါတ်နဲ့ တစ်ခုခုစလုပ်ပြီဆိုကတည်းက သိနိုင်ပါတယ်၊ သိလို့ရပါတယ်။
တခြားအကြောင်းအရာတွေထက် စကားပြော၊ စာပို့တဲ့ App တွေအကြောင်းပဲ အဓိကထားပြောကြရအောင်ပါ။ တချို့က “Messenger” လို့ပြောလိုက်တာနဲ့ Facebook Messenger ကိုပဲ ထင်ကြပါတယ်၊ မြင်ကြပါတယ်။ တကယ်တော့ စကားပြော၊ စာပို့လို့ရတဲ့ App မှန်သမျှဟာ Messenger App ပါပဲ။ Viber, Line, WhatsApp, Telegram, Signal တို့အားလုံးဟာလည်း Facebook Messenger နည်းတူ Messaging App တွေပါပဲ။ တစ်နည်းဆိုရရင် Instant Messaging system (IM – system) သုံးထားတဲ့ App တွေပါပဲ။
ဒီ IM system နဲ့တည်ဆောက်ထားတဲ့ App တွေဟာ ကျနော်တို့ တဦးချင်းပြောနေတဲ့ စကားတွေကို အရင်ဆုံး “Restore” လုပ်ပြီး၊ သိမ်းဆည်းထားပါတယ်။ တစ်ဖက်လူမမြင်ခင် သိမ်းဆည်းထားသလို မြင်ပြီးသွားတဲ့အချိန်၊ နောက်ဆုံး ပြောခဲ့သမျှတွေကို ဖျက်ပစ်လိုက်ရင်တောင် ဖုန်းကုမ္ပဏီ (Telecom Provider) တွေနဲ့ ဒီ App ကုမ္ပဏီ (Internet Provider) တွေဟာ ကျနော်တို့ပြောခဲ့တာတွေ “အားလုံးကို သိနိုင်” ပါတယ်။ နောက်ဆုံး အစိုးရ၊ တရားရေး စတာတွေက ကျနော်တို့ ပြောခဲ့တာတွေကို (ဖျက်ပစ်လိုက်ရင်တောင်မှ) နည်းပညာအရ ပြန်ရှာဖွေ ကြည့်ချင်တယ်ဆိုရင် အလွယ်တကူပဲ ကြည့်နိုင်ပါတယ်။ (တကယ်ကို သူတို့ သိနိုင်ပါတယ်)။
ကျနော်တို့ လက်ရှိသုံးနေတဲ့ စာပို့၊ စကားပြော Messaging App တွေရဲ့ ၉၉ ဒသမ ၉၈ ရာခိုင်နှုန်းသော App တွေမှာ Instant Messaging system (IM – system) ဖြစ်တဲ့အတွက် ဒီလိုကြည့်နိုင်တာပဲဖြစ်ပါတယ်။ ဒီစနစ်ကို ရှောင်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကို ပြောပါဆိုရင် End-to-End Encryption စနစ်ပါဝင်တဲ့ စာပို့၊ စကားပြော App ကို အသုံးပြုဖို့ပါပဲ။
“End-to-End Encryption ဆိုတာ ဘာလဲ…?”
အတိုကောက် E2EE လို့ခေါ်တဲ့ End-to-End Encryption ဆိုတာ တကယ်တော့ ပို့သူနဲ့ လက်ခံရရှိသူ နှစ်ဦးတည်းကပဲ မြင်နိုင်၊ သိနိုင်တဲ့ စနစ်ပါပဲ။ ကြားခံဖုန်းကုမ္ပဏီ (Telecom Provider) တွေအပြင် App ကုမ္ပဏီ၊ အင်တာနက်ကုမ္ပဏီ (Internet Provider) တွေကလည်း ဝင်ကြည့်လို့မရပါဘူး။ ဒီအတွက် ပေးပို့သူနဲ့ လက်ခံသူသာ သိသင့်တဲ့ကိစ္စတွေကို အစိုးရနဲ့ တခြား ကြားခံအဖွဲ့အစည်းတွေက အသုံးပြုလို့ မရတော့သလို အာဏာသုံးပြီး ရှာဖွေဖို့လည်း မလွယ်တော့ပါဘူး။
Viber and FB Messenger
မြန်မာနိုင်ငံမှာ အများစုသုံးကြတဲ့ စာပို့၊ စကားပြောတဲ့ App တွေကို ကျနော် လေ့လာမိသလောက် Facebook Messenger နဲ့ Viber ပါပဲ။ Viber ဟာ အစ္စရေးမှာ အခြေတည်ပြီး လူဇင်ဘတ်နိုင်ငံကနေ ထိန်းချုပ်တဲ့ ဂျပန် မာတီမီဒီယာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Viber ရုံးခွဲတွေဟာ အရှေ့တောင်အာရှက စင်ကာပူလိုနိုင်ငံမျိုးတွေအပါအဝင်၊ နယ်သာလန်၊ ရုရှား၊ စပိန်၊ ဂျပန်၊ ယူကေ၊ အမေရိကန်နိုင်ငံတွေမှာ ရှိသလို အစ္စရေးမှာလည်း ရှိပါတယ်။ ဒါကြောင့် အစ္စရေးနဲ့ နိုင်ငံရေးအရ အဆင်မပြေတဲ့ နိုင်ငံတွေ၊ ရုရှားနဲ့ အဆင်မပြေတဲ့ နိုင်ငံတွေဟာ Viber ကို ရှောင်လေ့ရှိကြပါတယ်။
Viber ဟာ မြန်မာနိုင်ငံမှာ မြို့နေလူတန်းစားတွေလည်း သုံးကြသလို၊ ကျေးလက်နေလူထု အသုံးအများဆုံး App တွေထဲက တစ်ခုပါ။ E2EE စနစ်ပါဝင်ပါတယ်။ ဒါပေမယ့် ပြောပလောက်တဲ့အထိ လုံခြုံနေတာတော့ မဟုတ်ပါဘူး။ ဒီနေ့မှာ Viber ကို တစ်နည်းအားဖြင့် စောင့်ကြည့်လို့ရတဲ့ Fonemonitor လို့ App မျိုးတွေ ပေါ်နေပြီဖြစ်သလို Viber မှာ ဘယ်သူနဲ့ ဖုန်းပြောနေသလဲ၊ ဘယ်သူနဲ့ ဘာတွေပြောနေသလဲအထိ တခြား App တစ်ခုကို သုံးပြီး ကြည့်လို့ရပါတယ်။ စောင့်ကြည့်လို့ရပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ကိုယ့် Viber ကို ဒီလိုစောင့်ကြည့်နေတယ်ဆိုတာကို အသုံးပြုသူအနေနဲ့ မသိနိုင်ပါဘူး။
နောက်ထပ် Viber ရဲ့ စိတ်အနှောင့်အယှက်အဖြစ်ရဆုံးကိစ္စက ကိုယ့်ဖုန်းနံပါတ်ကို သိတဲ့ ဘယ်သူမဆို ကိုယ့်ကို Direct Message အနေနဲ့ ဆက်သွယ်နိုင်ပြီး ဒီလူနဲ့ စကားပြောချင်သလား၊ မပြောချင်ဘူးလား စသဖြင့် ကြားခံ (Filtering System) တောင် မပါဝင်တဲ့ App ပါ။ ပြီးတော့ ဘယ်သူမဆို မသိနိုင်တဲ့ Group (ဂရု) ပေါင်းများစွာထဲကို ကိုယ့်ဖုန်းနံပါတ်ကို ထည့်နိုင်ပြီး ဒီ Group ထဲကို ဝင်ချင်သလား၊ မဝင်ချင်ဘူးလားဆိုတာလည်း ဒီ App က ကြိုတင်အသိပေးခြင်း မရှိပါဘူး။ ကိုယ့်နံပါတ်က အလိုလျောက်ဝင်နေပြီး အချက်ပေးချက် (Notification) တွေ ဝင်လာတော့မှ ဂရုတစ်ခုထဲ ရောက်နေပြီဆိုတာ သိရတယ်။
ဒီလိုပဲ ကိုယ့်ရဲ့ဖုန်းနံပါတ် ထည့်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ရေးအချက်အလက် အတော်များများကို တခြားလူတစ်ယောက်က ဝင်ကြည့်နိုင်ပါတယ်။ ဖုန်းနံပါတ်တစ်ခုသိရုံနဲ့ ကိုယ့်အချက်အလက်အားလုံးကို အများပြည်သူ (Public) ကို ချပြပေးလိုက်ရတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဖုန်းပြော၊ ဗီဒီယိုကောခေါ်၊ အလှူဖိတ်၊ မင်္ဂလာဆောင် ဖိတ်စာပို့၊ ဟက်ပီးဘတ်ဒေးလှမ်းလုပ်တာလောက်ပဲ ကောင်းပါတယ်။ ခုနောက်ပိုင်း သတင်းဌာနတချို့နဲ့ ဆယ်လီဗြစ်တီ တချို့က Viber မှာ Public Account တွေ ဖွင့်ထားကြပြီး ဒီကနေလည်း သတင်းတွေ ဖတ်နိုင်သလို ဆယ်လီ တွေရဲ့ လုပ်ကိုင်မှုတွေကို ကြည့်နိုင်တာတော့ ရှိပါတယ်။ ဒါပေမယ့် ဒီလောက်ပဲ ကောင်းပါတယ်။ ဟုတ်ပါတယ်၊ တကယ် ဒီလောက်ပဲ ကောင်းပါတယ်။
အများဆုံးအသုံးပြုတဲ့အထဲက နောက်တစ်ခုက Facebook Messenger ပါ။ အရင်က သိပ်ပြီး ဂရုမပြုခဲ့ကြပေမယ့် ခုနောက်ပိုင်း တော်တော်များများ သတိထားမိလာကြတာကတော့ FB Messenger ထဲပြောသမျှ ကိုယ့် Newsfeed မှာ ကြော်ငြာတွေ တက်လာတယ်ဆိုတာပါပဲ။ ဒါဟာ တိုက်ဆိုင်မှုလည်း မဟုတ်သလို ကံ၊ ကံ၏အကျိုးလည်း မဟုတ်ပါဘူး။ Facebook ဟာ ကျနော်တို့ ပြောသမျှတွေကို ‘Restore’ လုပ်နေပြီး ဒီကနေတစ်ဆင့် အွန်လိုင်းအရောင်းအဝယ်ကုမ္ပဏီကြီးတွေကို ဒီအချက်အလက်တွေကို ရောင်းပြီး အဲ့ဒီကုမ္ပဏီတွေက ကျနော်တို့ကို ပြန်ဈေးရောင်းနေတာ ဖြစ်ပါတယ်။
Facebook အကြောင်းပြောရရင် ကုန်နိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့ စဉ်းစားကြည့်ပါ။ ကျနော်တို့ ပြောနေတာတွေကို သူတို့က ဈေးရောင်းဖို့အတွက် မဟုတ်ဘဲ တခြားရည်ရွယ်ချက် တစ်စုံတစ်ရာအတွက် အသုံးပြုလိုက်မယ်ဆိုရင်ရော… အများကြီး မစဉ်းစားစေလိုပါဘူး။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ် ထရမ့် သမ္မတဖြစ်သွားရတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ FB က အချက်အလက်တွေကို အသုံးချပြီး မဲပေးသူတွေကို ဆွဲဆောင်၊ ဖြားယောင်းဖို့အတွက် အသုံးပြုခဲ့တာဟာ တစ်ခုအပါအဝင်ပါပဲ။ ဟုတ်ပါတယ်၊ ကျနော်တို့ နေ့စဉ် ပြောနေသမျှ စကားတွေကို အဲ့ဒီလောက်ထိ အသုံးပြုလို့ရပါတယ်။ အသုံးလည်း ပြုနေကြပါတယ်။
FB Messenger ရဲ့ နောက်ထပ် အကြီးမားဆုံး အားနည်းချက်ကတော့ Personal Facebook Profile ရဲ့ Password ကို ရသွားရင် ခင်ဗျားရဲ့ Messenger ကိုလည်း ဖွင့်လို့ရသွားပြီဆိုတာပါပဲ။ တချို့က ပြောကြပါလိမ့်မယ် “ဟုတ်တယ်လေ ရမှာပေါ့၊ သူတို့က တစ်ခုတည်းပဲ မဟုတ်လားလို့” ဟုတ်ပါတယ်။ ဒါကြောင့် ပိုကြောက်စရာကောင်းတာပါ။ FB Messenger ကလွဲရင် တခြား Messenger အများစုဟာ စာပို့၊ စကားပြော သီးသန့် Messenger တွေဖြစ်သလို၊ အကောင့်တစ်ခု၊ Password တစ်ခုတည်းနဲ့ အဆင်ပြေပါတယ်။ FB Messenger ကတော့ Facebook နဲ့ ဆက်နေတဲ့အတွက် Password ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်နိုင်တာပါပဲ။
တချို့က “ငါတို့က နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပြောနေတာမှ မဟုတ်တာ၊ ဘာ အရေးကြီး အချက်အလက်တွေမှလည်း ပြောမနေဘူး။ ဒါကြောင့် ဒီကိစ္စတွေ ဂရုစိုက်စရာမလိုဘူး” လို့ ဆိုကြတယ်။ ဒါဆို ကိုယ့် Facebook ကို တခြားတစ်ယောက်က ဝင်ရောက်နိုင်သွားရင်ရော၊ တစ်နည်း Hack ခံလိုက်ရရင်ရော။ ကိုယ့် ကိုယ်ရေးကိုယ်တာကိစ္စတွေကို တခြားတစ်ယောက်ယောက် သိသွားရင်ရော။ ဒါ သိပ်ကြောက်စရာ ကောင်းပါတယ်။
လူတွေဟာ FB Messenger ကို ဘာကြောင့် စွဲလမ်းရသလဲဆိုရင် IM – system သုံးထားတဲ့ Messaging App တွေထဲမှာ သုံးတဲ့သူကို အဓိက ဆွဲဆောင်နိုင်တဲ့ UI (User Interface) လို့ ခေါ်တဲ့ သုံးစွဲသူမြင်ရတဲ့ အမြင်က အရမ်းကောင်းသလို၊ UE (User Experience) လို့ခေါ်တဲ့ အလွန်အင်မတန် သုံးရလွယ်ကူတဲ့အတွက်ပါပဲ။ စတစ်ကာတွေ၊ အီမိုဂျီတွေ စုံလင်သလို၊ ခုဆိုရင် Dark Mode လည်း ပြောင်းလို့ရနေပြီဆိုတော့ တော်တော်များများက ပသာဒဖြစ်တဲ့အတွက် ကြိုက်ကြပါတယ်။
ဒါပေမဲ့ FB Messenger ဟာ Viber ထက်ကို အလွန်အင်မတန်ဆိုးရွားပြီးတော့ ကျနော်တို့ ပြောသမျှ အသံရော၊ စာရော၊ နောက်ဆုံး စာရိုက်ပုံအကျင့်၊ သုံးစွဲနေကျ စတစ်ကာကိုရော မှတ်သားသိမ်းဆည်းထားတဲ့အတွက် ကိုယ့်လုံခြုံရေးအတွက် သတိထားလိုတဲ့လူတွေအတွက် ဖုန်းပြော၊ ဗီဒီယိုခေါ်၊ စာရိုက်တာတွေ လုံးဝမလုပ်သင့်ပါဘူး။ FB Messenger ဟာ Messaging App တွေထဲမှာ လုံခြုံမှုအနည်းဆုံးနဲ့ ထိခိုက်မှုအဖြစ်နိုင်ဆုံး App ပါပဲ။ အဲ… နည်းနည်းလေး သုံးချင်ပါသေးတယ်ဆိုရင်တော့ဖြင့် အလှူဖိတ်၊ မင်္ဂလာဆောင် ဖိတ်စာပို့၊ ဟက်ပီးဘတ်ဒေးလှမ်းလုပ်တာလောက်ပဲ ကောင်းပါတယ် ဆိုတဲ့အကြောင်း ပြောပါရစေ။
WhatsApp ရဲ့ လားရာ
ကဲ…လာပါပြီ ကျနော်တို့ရဲ့ မင်းသားကြီး။ ၂၀၁၆ လောက်ထိ ဘယ် Messaging App မှ E2EE စနစ် (ပေးပို့သူနဲ့ လက်ခံသူသာ မြင်ရ၊ သိရတဲ့ စနစ်) ကို မသုံးကြသေးပါဘူး။ နောက်ပိုင်းမှာတော့ “ကျနော်တို့ကတော့ E2EE စနစ်ကို လုံးဝအသုံးပြုထားပါတယ်” ဆိုပြီး ဈေးကွက်ထဲ မော်ကြွားပြီး ဝင်လာတာကတော့ WhatsApp ပါပဲ။ WhatsApp ဟာ အမေရိကန်ထုတ်ကုန်တစ်ခုဖြစ်ပြီး အရမ်းအောင်မြင်လာတဲ့နောက် ၂၀၁၄ မှာ Facebook က ဝယ်ယူသိမ်းပိုက်ခဲ့ပါတယ်။
WhatsApp ဟာ ဥရောပနိုင်ငံအချို့နဲ့ အမေရိကမှာ အသုံးအများဆုံး App တစ်ခုပဲဖြစ်ပါတယ်။ E2EE စနစ်ဟာ သူ့ဆီမှာ အလိုလျောက်ပါဝင်တာကြောင့် ယုံကြည်စိတ်ချစွာ သုံးခဲ့ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့
စင်ကာပူဟာ WhatsApp အသုံးအများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားက ဒုတိယနေရာမှာ ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ WhatsApp အသုံးပြုသူ ၁ ဘီလျံ (သန်း ၁၅၀၀) ထိ ရောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာလည်း ၂၀၁၈ အစပိုင်းလောက်မှာ WhatsApp ကို စပြီး အသုံးပြုလာခဲ့ကြပါတယ်။
WhatsApp ဟာ သူ့ရဲ့လုံခြုံရေးစနစ်ကြောင့် နာမည်ကြီးခဲ့တာဟာ ဒီနှစ် အစောပိုင်းမှာ သံသယစာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ ဒီနှစ် မေလ ပထမပတ်လောက်မှာ အစ္စရေးနည်းပညာကုမ္ပဏီတစ်ခုရဲ့ iPhone အသုံးပြုသူတွေရော၊ Android အသုံးပြုသူတွေရောပါ ဒုက္ခရောက်စေတဲ့ spyware တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒီ spyware ဟာ ဖုန်းရဲ့ ကင်မရာ၊ မိုက်ခရိုဖုန်းတွေကို သုံးနိုင်သလို ဖုန်းမျက်နှာပြင်ပေါ်မှာ အလုပ်လုပ်နေတဲ့အရာမှန်သမျှကိုလည်း မှတ်တမ်းရယူနိုင်ပါတယ်။ ထပ်ပြီး ဒီ spyware ဟာ ခုနကပြောတဲ့ WhatsApp လို App မျိုးရဲ့ E2EE စနစ်ကိုပါ ဖောက်ထွင်းဝင်ရောက်နိုင်တယ်ဆိုတာပါပဲ။ မေလအတွင်းမှာ WhatsApp ကို Facebook ကုမ္ပဏီက အသည်းအသန် အဖတ်ဆယ်ခဲ့ရပါတယ်။ အသုံးပြုသူတော်တော်များများလည်း ထိတ်လန့်ခဲ့ကြပါတယ်။
E2EE နှင့် လျှို့ဝှက်စခန်းပြောခန်း
လုံခြုံရေးကို ဦးစားပေးမယ်ဆိုရင်တော့ E2EE စနစ်သုံးထားပြီး လျှို့ဝှက်စကားပြောခန်း (Secret Chat) ပါဝင်တဲ့ App ကိုရွေးချယ်သင့်ပါတယ်။ Secret Conversation ဆိုတာ ကိုယ်ပို့လိုက်တဲ့စာ၊ ဓာတ်ပုံ၊ ဗီဒီယိုကို လက်ခံရရှိသူရော၊ ကိုယ်တိုင်ပါမြင်ရတဲ့အချိန် အကန့်အသတ်ကို ထိန်းချုပ်နိုင်တဲ့စနစ်ပါပဲ။ Facebook Messenger ဟာ ဒီနှစ်၊ နှစ်လယ်လောက်မှာ Secret Conversation ဆိုတာကို အစပြုခဲ့ပြီး E2EE စနစ်ကို ထောက်ပံ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သိပ်အသုံးမတွင်ကျယ်သလို Facebook Messenger ရဲ့ အရင်က နာမည်ဆိုးကြောင့် ဒီ Secret Conversation ဟာ ဘယ်လောက်ထိ လုံခြုံမှုရှိနိုင်သလဲဆိုတာတော့ အာမ မခံနိုင်ပါဘူး။ Viber ဟာလည်း Secret Chat ကို နောက်ပိုင်းမှာ မိတ်ဆက်ခဲ့ပေမယ့် သူ့ရဲ့ အလွယ်တကူဝင်ရောက်နိုင်တဲ့ စနစ်ကြောင့် အတော်များများက သိပ်အသုံးပြုလေ့မရှိကြပါဘူး။
WhatsApp ဟာ E2EE ပါဝင်ပေမယ့် လျှို့ဝှက်စကားပြောစခန်း “Secret Chat” တော့ ပါဝင်ခြင်း မရှိပါဘူး။ Viber ဟာလည်း ထိုနည်း၎င်းပါပဲ။ Secret Chat မပါဝင်တဲ့ တခြား App နောက်တစ်ခုကတော့ LINE ပါပဲ။ ကိုရီးယားအခြေစိုက် LINE ကုမ္ပဏီဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက အသုံးအများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စီးပွားရေးအရအုပ်စုတူရာသာ အသုံးများပြီး သိပ်ရေပန်းမစားပါဘူး။
ဒါဆိုရင် ဘာတွေသုံးမလဲ
Wire၊ Wickr၊ Telegram၊ Signal တို့ဟာ မြန်မာလူထုနဲ့သိပ်မရင်းနှီးတဲ့ App တွေဖြစ်ပါလိမ့်မယ်။ ကိုယ်ပို့တဲ့စာတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအတွက် လုံခြုံရေးကို အထူးအလေးထားကြသူတွေကတော့ သိပြီးဖြစ်ပါလိမ့်မယ်။ မြန်မာလူထုအတွက်ကတော့ ဒီ App တွေဟာ သိပ်ကြီးကျယ်လွန်းတယ်လို့ ဆိုခဲ့ကြပေမဲ့ ခုချိန်မှာတော့ လိုအပ်နေပြီလို့ ထင်ပါတယ်။ Facebook ဖောက်ထွင်းခံရ၊ Viber ကိုဖောက်ထွင်းခံရတာတွေဟာ နေ့စဉ်ရက်ဆက် မကြားချင်ဆုံးကိစ္စတွေပါပဲ။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဆုံးရှုံးနေရသလို နာမည်ကြီးတချို့ဆိုရင်လည်း သူတို့အတွင်းရေးတွေ ပေါက်ကြားကုန်ပါတယ်။
အပေါ်က App သုံးခုထဲမှာ Signal ကတော့ လုံခြုံရေးအကောင်းဆုံး App တစ်ခုပါပဲ။ ကမ္ဘာကျော် ကွန်ပျူတာသမား အက်ဒွပ် စနိုဒင်ကတောင် ‘လန်းတယ်‘ လို့ ပြောခံထားရတဲ့ App ပါပဲ။ Telegram နဲ့ Wickr တို့မှာ စကားပြောလို့ရတဲ့ နည်းလမ်း နှစ်ခုရှိပြီး သာမန်ရိုးရိုးပဲ ပြောမလား၊ Secret Chat နဲ့ပြောမလားဆိုပြီး ရှိပါတယ်။ E2EE စနစ်သုံးပြီး ပေးပို့သူရော၊ လက်ခံရရှိသူပါ မြင်ရပြီး ပျောက်သွားစေနိုင်တဲ့ Secret Chat (or) Secret Conversation ကတော့ အကောင်းဆုံးပါပဲ။ Signal မှာတော့ သူ မူရင်းအနေနဲ့မှာကို ပို့လိုက်တဲ့ စာတွေ၊ ပုံတွေ ပျောက်သွားစေမလား၊ အမြဲတမ်းရှိနေမလားဆိုတာကို ခလုတ်တစ်ခုကို နှိပ်လိုက်ရုံနဲ့ ရပါတယ်။ အပေါ်မှာပြောသလို နှစ်ခုထဲကတစ်ခု ရွေးချယ်စရာမလိုပါဘူး။
ဒါပေမဲ့ Signal နဲ့ Wickr ဟာ လုံခြုံရေးအတွက် အသုံးပြုတာဖြစ်လို့ နှစ်လိုဖွယ်ရာတွေတော့ မပါဝင်ပါဘူး။ ဥပမာ – စကားပြော App တိုင်းမှာပါဝင်တဲ့ နောက်ခံ Background ပြောင်းလဲတာကို Signal မှာ လုပ်လို့မရသလို၊ သူ့ကိုယ်ပိုင် စတစ်ကာတွေလည်း ထုတ်လုပ်မထားတဲ့အတွက် မျက်စိပသာဒ မဖြစ်ပါဘူး။ အင်မတန်ရိုးရှင်းလွန်းတဲ့ App ဖြစ်တဲ့အတွက် လုံခြုံရေးကို ဦးစားပေးသူတွေ အဓိကအသုံးပြုကြတာပါ။
Telegram ကတော့ စကားပြောခန်းအတွက် ရွေးချယ်စရာ နှစ်ခုပေးထားပြီး Secret Chat ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ လုံခြုံရေးအတွက်ကောင်းသလို နောက်ခံ Background ကို ကိုယ့်စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ပြီး သူတို့ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ စတစ်ကာတွေကြောင့်လည်း နှစ်လိုဖွယ်ရာ App တစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် ကိုယ့်ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင်တွေကိုလည်း Cloud Store တစ်ခုအနေနဲ့ သိမ်းဆည်းနိုင်ပါသေးတယ်။
ချုပ်ရရင် စာပို့၊ စကားပြော App တွေကို သုံးမျိုး ခွဲခြားထားနိုင်ပါတယ်။ (၁) လူမှုရေးနဲ့ အပျော်အပါးကိစ္စတွေအတွက်ဖြစ်ပြီး လုံးဝမလုံခြုံတာ တစ်ခု (ဒီထဲမှာ Facebook Messenger, LINE, Viber, Instagram Chat တို့ ပါဝင်မှာဖြစ်ပြီး)၊ နံပါတ် (၂) လုံခြုံရေးကောင်းပြီး ရွေးချယ်စရာတွေလည်းရှိတာမျိုး (ဒီထဲမှာ Telegram, Whatsapp, Wire တို့ပါဝင်ပါမယ်)။ နောက်ဆုံး လုံခြုံရေးတစ်ခုပဲ အဓိက ဦးစားပေးအနေနဲ့ (Wickr နဲ့ Signal) တို့ပါပဲ။
နိုင်ငံအသီးသီးမှာ လူတွေအကြိုက်လိုက်ပြီး သုံးကြတဲ့ App တွေလည်း မတူကြပါဘူး။ ဒီအတွက် တချို့သော App တွေ (ဥပမာ KakaoTalk, Cyber Dust, Threema နဲ့ Cyphr) အကြောင်းတော့ ထည့်သွင်းမဆွေးနွေးတော့ပါဘူး။
စကားမစပ် ဒီဆောင်းပါးမှာ WeChat အကြောင်းတော့ ထည့် မဆွေးနွေးပါလားလို့ မေးကြပါလိမ့်မယ်။ WeChat ဟာ တရုတ်အစိုးရနဲ့ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်အစိုးရအနေနဲ့ WeChat အသုံးပြုသူ ဘယ်သူမဆိုရဲ့ အကောင့်ထဲ ကြိုက်သလိုဝင်ကြည့်နိုင်သလို ခြယ်လှယ်နိုင်တဲ့အတွက် အကျယ့်တဝံ့ ထည့်မပြောတာဖြစ်ပါကြောင်း။
လုံခြုံစိတ်ချစွာ အချက်အလက်ဖလှယ်ပြီး သတင်းစကားပါးနိုင်ကြပါစေ။