သတင်း

မန္တလေးတွင် NLD ပါတီ ခရိုင်အလုပ်အမှုဆောင်တစ်ဦး ဓားဖြင့်ခုတ်ခံရ

လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် မည်သူမည်ဝါမှန်းမသိသည့် လူတစ်စုက ဓားဖြင့်ဝင်ခုတ်ခဲ့သဖြင့် လက်ရှိအာဏာရပါတီ၏ ခရိုင် အဆင့်အလုပ်အမှုဆောင်တစ်ဦး လက်တွင် အပြင်းအထန်ဒဏ်ရာရသွားခဲ့သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့ (ဩဂုတ် ၁၃) ညက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေး ခရိုင် အလုပ်အမှုဆောင် ဦးမျိုးလွင်သည် ၈၉ လမ်း၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိကောင်းဇံလက်ဖက်ရည်ဆိုင်တွင် ယမန်နေ့ည ၉ နာရီအချိန်ခန့်က ပါတီအကြီးပိုင်းမှ ပုဂ္ဂိုလ် နှစ်ဦးနှင့်အတူ ထိုင်နေစဉ် အမည်မသိလူငါးဦးက ဦးမျိုးလွင်ကို ဓားဖြင့်ဝင်ခုတ်ကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း အတူတူ ထိုင်နေခဲ့သည့် ပါတီ ရပ်ကွက်/ကျေးရွာ အမှုဆောင် ဦးကျော်တင့်က ပြောသည်။

အဆိုပါ အမည်မသိ ဓားခုတ်သူက ဦးခေါင်းကို ခုတ်ခြင်းဖြစ်ပြီး ဦးမျိုးလွင်က လက်ဖြင့်ကာလိုက်သည့်အတွက် ဘယ်ဘက်တံတောင်နှင့် လက်ချောင်းများတွင် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ၎င်းကဆိုသည်။

ဦးမျိုးလွင်ကို မန္တလေးဗဟိုပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ကုသဌာနသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ဓားဖြင့်ဝင်ခုတ်သူ မည်သူမည်ဝါမှန်းမသိသူ ငါးဦးကို အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၂၃ (သာမန်နာကျင်စေမှု)၊ ၃၂၄ (အပြင်းအထန်နာကျင်စေမှု)၊ ၁၁၄ (အားပေးကူညီမှု)တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း ထိုရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

“ညကလာဖွင့်တာပါ၊ ညဉ့်နက်မှ လာဖွင့်တာဆိုတော့ စုံစမ်းဆေးစစ်တာတွေ မလုပ်ရသေးပါဘူးဟု အဆိုပါ ရဲအရာရှိက ယနေ့နံနက်ပိုင်းတွင် ပြောသည်။

လတ်တလောတွင် မူးယစ်ကျော်စောမှုရှိသည့် ၎င်းတို့ရပ်ကွက်တွင် မူးယစ်နှိမ်နင်းမှုများ ပြုလုပ်နေခြင်းကြောင့် ခြိမ်းခြောက်ခံထားရပြီး ဦးမျိုးလွင် ဓားဖြင့်အခုတ်ခံရခြင်းမှာ မူးယစ်ဖမ်းဆီးခြင်းနှင့် သက်ဆိုင်မည်ဟု ထင်မြင်မိကြောင်း ဦးကျော်တင့်ကပြောသည်။

ကျွန်တော်တို့က အုပ်ချုပ်ရေးပိုင်းဝင်ကတည်းကနေ ခေတ်အဆက်ဆက် ဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ မူးယစ်ဆေးနှိမ်နင်းမှုတွေ ရဲနဲ့ပူးပေါင်းပြီးလုပ်တယ်၊ အမှုပေါင်း၂၇ မှုဖမ်းနိုင်ခဲ့တယ်၊ ကျွန်တော်တို့နယ်မြေက ဒုစရိုက်နယ်မြေ၊ အဲဒီအတွက် ကျွန်တော်ကိုယ်တိုင် (အွန်လိုင်း) ပေါ်ကနေလည်း အကြိမ်းခံရတယ်၊ လူချင်းလည်းကြိမ်းခံရတယ်၊ သူ့ကိုလည်းအဲဒီလိုပဲထင်တယ်ဟု ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်မဖြစ်မီ ည၈နာရီအချိန်က ၎င်းတို့ထိုင်နေသည့် လက်ဖက်ရည်ဆိုင်သို့ မူးယစ်ဂိုဏ်းကဟု ယူဆရသူများ ဆိုင်ကယ်ဖြင့်ပတ်ကာ ကြည့်ရှုသွားခြင်းကို မြင်ရပြီး လူလွှတ်ကာ ခိုင်းစေသည်ဟု ယူဆသည်ဟု ၎င်းကဆိုသည်။

ဒီဘက်မှာက မူးယစ်နဲ့ပတ်သက်တဲ့လူတွေ သွားလာနေကြတာများတော့ ဖမ်းမိပြီဆိုမှ ဘယ်လိုရည်ရွယ်ချက်နဲ့ ခုတ်သလဲသိရမှာပေါ့နော်၊ ဒီနယ်မြေမှာက မူးယစ်ရောင်းဝယ် ဖောက်ကားသူတွေနဲ့ ဆိုးတဲ့နယ်မြေလို့ သတ်မှတ်လို့ရတယ်ဟု မင်းတဲအီကင်းရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်ကပြောသည်။

Show More

Related Articles

Back to top button