သတင်း

ဖုယွင်အလုပ်သမားသပိတ် ပြေလည်ရေး စက်ရုံသို့ ဦးဖြိုးမင်းသိန်း သွားရောက်ညှိနှိုင်းနေ

နှစ်လနီးပါးကြာ မပြေမလည်ဖြစ်နေသည့် ရန်ကုန် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ဖုယွင်အထည်ချုပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ အလုပ်ခွင်ပြန်ဝင်နိုင်ရေးအတွက် စက်ရုံသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်သွားရောက် ညှိနှိုင်းလျက်ရှိသည်။

အလုပ်သမား၊ အလုပ်ရှင်နှင့် ရန်ကုန်တိုင်းအစိုးရတို့ ပြီးခဲ့သည့် မိနစ်ပိုင်းအတွင်းက ပြည်လမ်းရှိ အစိုးရရုံးတွင် သုံးပွင့်ဆိုင်ညှိနှိုင်းအပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းရှင်ဘက်မှ ထုတ်ပယ်ထားသော အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်မည်ဆိုပါက အဆိုပါအလုပ်သမားများ အလုပ်ပြန်ဝင်မည်ကို ကန့်ကွက်သည့် အလုပ်သမားများ စက်ရုံတွင်း ရှိနေသဖြင့် နောက်တစ်ကြိမ် ပဋိပက္ခဖြစ်မလာရန် ကြားဝင်ညှိနှိုင်းပေးရန် ကမ်းလှမ်းမှုကို ဝန်ကြီးချုပ်က လက်ခံခဲ့ခြင်းဖြစ်သည်။

 

ယမန်နေ့က အစိုးရရုံးရှေ ့ အလုပ်သမားများ စုဝေးဆန္ဒပြနေစဉ် (ဓာတ်ပုံ – ကေဇွန်နွေး/Myanmar Now)

ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများသည် မြို့လယ်မှ ပြည်လမ်းတလျှောက် လမ်းလျှောက်ပြီး တိုင်းအစိုးရရုံးသို့ သွားရောက်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ခွင့်ရရန် တောင်းဆိုခဲ့ကြသည်။

အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံခဲ့ရသည်ကို မကျေမလည်ဖြစ်ခဲ့ကြပြီးနောက် အလုပ်သမားသပိတ် စတင်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများက ၄င်းတို့ကို အလုပ်ပြန်ခန့်ရန် တောင်းဆိုနေကြပြီး စက်ရုံဘက်ကမူ ၄င်းတို့သည် စက်ရုံစည်းကမ်းများကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီး သတိပေးစာထုတ်ရာတွင်လည်း လက်မှတ်ရေးထိုးခဲ့သည့် စည်းကမ်းချက်ကို မလိုက်နာကြသည့်သူများ ဖြစ်သောကြောင့် အလုပ်ပြန်ခန့်ရန် လုံးဝမဖြစ်နိုင်ဟု တုံ့ပြန်ထားသည်။

စက်ရုံဝင်ထွက်ပေါက်များရှေ့ ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများအား အမည်မသိ လူအုပ်စုက အောက်တိုဘာ ၁၅တွင် ဝင်ရောက်ရိုက်နှက်ခဲ့ပြီးနောက် နှစ်ဖက်အကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့သည်။

Show More

Related Articles

Back to top button