
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် စည်ပင်သာယာရုံးရှေ့ရှိ မဟာစည်သာသနာ့ရိပ်သာရပ်ကွက်တွင် ၁၆ လသားအရွယ်ကလေးကို ဇူလိုင်လ ၂၄ ရက်နေ့က လမ်းဘေးခွေးလေးကောင် ဝိုင်းဆွဲကိုက်ခံခဲ့ရသည်။
ခေါင်းနှင့် ခါးတို့ကို ခွေးများဝိုင်းကိုက်ခဲ့ပြီး ဒဏ်ရာများရရှိကာ ဖြစ်ဖြစ်ချင်း ရန်ကင်းဆေးရုံသို့ သွားရောက်ခဲ့သည်။
နောက်တစ်ရက် ဇူလိုင် ၂၅ ရက်နေ့တွင် ကလေးကို ခွဲခန်းအတွင်း ၃ နာရီခန့်ကြာ ခွဲစိတ်ခဲ့ရသည်ဟု ကလေးမိခင်က ဆိုသည်။
လက်ရှိတွင် ကလေးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်သည်။
၎င်းရပ်ကွက်တွင် ယခုကဲ့သို့ ကလေးကို ခွေးကိုက်သည့်ဖြစ်စဉ်မှာ ယခင်ကလည်းဖြစ်ခဲ့ဖူးကြောင်း ရပ်ကွက်နေ မိခင်တစ်ဦးက ဆိုသည်။
“ဒါနဲ့ဆို နှစ်ခါရှိသွားပြီပေါ့နော်။ အဲဒီတုန်းကတော့ တစ်ကောင်တည်းပေါ့နော်။ အမသားက ငေးရင်းနဲ့ ခွေးပေါ်ကို လဲကျမိသွားတာ။ လန့်ကိုက်ကိုက်ရင်းနဲ့ သုံးခါ ပြန်ဆွဲတာ။ အမသားခြေထောက်မှာ ၅ ပေါက်ဖြစ်သွားတယ်ပေါ့နော်” ဟု လွန်ခဲ့သော ၂ နှစ်ခန့်က လမ်းဘေးခွေးကိုက်ခံခဲ့ရသော ဖြစ်စဉ်ကို မသူဇာနွယ်က ပြောပြသည်။
ယခုကဲ့သို့ ခွေးကိုက်ခံရပြီးချိန်တွင် ခွေးရူးပြန်ကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးရမည်ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်ဖြင့် သတ်မှတ်အကြိမ်အရေအတွက် ပြည့်သည်အထိ ဆေးထိုးရမည်ဖြစ်သည်။
ယခုခွေးကိုက်ခံရသော ကလေးငယ် ညီဘုန်းခန့်၏ မိခင် မသူဇာနွယ်က ကလေးကို ကာကွယ်ဆေးနှင့် မေးခိုင်ဆေးပါ ထိုးခဲ့ပြီး ဒဏ်ရာများကိုလည်း ရန်ကင်းကလေးဆေးရုံတွင် တက်ရောက်ခွဲစိတ်ကုသခဲ့ရသည်ဟု ဆိုသည်။
ခွေးကိုက်မှုဖြစ်စဉ်အပြီး ဇူလိုင် ၂၅ ရက်နေ့တွင် စည်ပင်သာယာကော်မတီမှ ဝန်ထမ်းများလာပြီး အဆိုပါလမ်းထဲမှ လမ်းဘေးခွေးများကို လာရောက်ဖမ်းယူ ရှင်းလင်းခဲ့သော်လည်း ဗိုက်ကြီးနေသည့်ခွေးမတစ်ကောင် လွတ်နေသေးကြောင်း ယင်းကော်မတီမှ သိရသည်။
ရန်ကုန်မြို့တွင် ခွေးအကောင်ရေ ၁ သိန်းခွဲကျော် ခန့်ရှိနေပြီး လမ်ဘေးခွေးများ ထိန်းချုပ်ရန်အတွက် လမ်းဘေးခွေးများကို လမ်းပေါ်တွင် အစာကျွေးပါက ၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေအရ ငွေဒဏ်၊ ထောင်ဒဏ် နဲ့ အရေးယူမည်ဟုလည်း စည်ပင်သာယာကောမတီက ထုတ်ပြန်ထားသည်။
[youtube https://youtu.be/cKERAPLxwog]