ရုပ်သံသတင်း

ပညာကိုလိုသည်၊ သို့သော် ဆရာက နာကျင်စရာတွေပေးခဲ့သည်

“ဆရာလေးက မီးမွှေးပြီးတော့ ပဲပြုတ်ပေးဦးလို့ ခေါ်တယ် မီးမွှေးပြီး ပဲပြုတ်ပြီးတော့ လာဇာတ်ကားကြည့်မယ်လို့ ခေါ်ပြီး တော့ စောင်တွေသမီးတို့ကိုခြုံပေးပြီးတော့ ………..”

သို့သော် ကလေးငယ်များက သူတို့၏အဖြစ်အပျက်ကို လူသိရှင်ကြား ထုတ်မပြောရဲခဲ့ကြ။ မိဘများကိုပင် မတိုင်ပင်ရဲခဲ့။

ကလေးငယ်များက သူတို့အဖြစ်အပျက်၏ အဓိကတရားခံသည် တစ်ရွာလုံးက လေးစားကြသည့် ဆရာလေးဖြစ်နေသည်။

တစ်ရွာလုံးက “ဆရာလေး” ဟု ခေါ်ကြပြီး လေးလေးစားစား ဆက်ဆံကြသည့် ဆရာလေးစိုးမိုးဦးသည် ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးမားသည့် မမိုးအေးလိုတပည့်များအား ကျောင်းစာသင်ချိန် ပြီးဆုံးချိန်တွင် အချိန်ပိုသင်တန်းများ ပေးလေ့ရှိသည်။ဆရာလေးက ကျောင်းသားများထက် ကျောင်းသူများအပေါ် ပိုပြီးလည်း ဂရုတစိုက်ရှိလှသည်။

၂၀၁၆ ဒီဇင်ဘာလ၏ တစ်ခုသော နေ့လယ်ခင်းတွင် ဆရာလေးစိုးမိုးဦးက အင်္ဂလိပ် Grammar စာအုပ်နှင့်အတူ မမိုးအေးလေးကို စာသင်ကျောင်းနှင့်ကပ်လျက် သူ၏နေအိမ်ဆီသို့ အချိန်ပိုသင်ကြားပေးမည်ဟု အကြောင်းပြ၍ ခေါ်ခဲ့သည်။

အိမ်ခန်းထဲအရောက်မှာတော့ ဆရာလေးစိုးမိုးဦးသည် “ဆရာ” ဆိုသည့် မျက်နှာဖုံးစွပ်ထားသည့် “တဏှာရာဂ ဘီလူးသူရဲတစ်ကောင်” ဖြစ်နေသည်ကို မမိုးအေးတစ်ယောက် သိခဲ့လိုက်ရသည်။ “ကျောင်းဆက်မတက်တော့ဘူး။ သမီးလည်း ရှက်လို့ထွက်လိုက်တာ” ဟု ကြံခုတ်သမလေးက ပြောသည်။ အခုတော့ မမိုးအေးတစ်ယောက် စာသင်ကျောင်းကို ကျောခိုင်းပြီး တစ်ရက်လုပ်အားခ ၄၀၀၀ ရသည့် ကြံခုတ်သမတစ်ယောက်အဖြစ် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ကြံခင်းများထဲ သူ၏ဘဝကို မြှုပ်နှံထားလိုက်ရသည်။

ကျောင်းဆရာအမည်ခံ တဏှာရာဂဘီလူး၏ သားကောင်က မမိုးအေးတစ်ယောက်တည်း မဟုတ်ခဲ့။ စိုးမိုးဦးသည် အနည်းဆုံး ကျောင်းသူ ၃ ဦးအား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့သည်။

ထို့အတွက် စိုးမိုးဦးအား ပြင်ဦးလွင်ခရိုင်တရားရုံးက ၂၀၁၇ နိုဝင်ဘာလ၏ နောက်ဆုံးရက်များတွင် ကျောင်းသူသုံးဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ၃ မှုအတွက် တစ်မှုလျှင် ထောင် ၁၀ နှစ်စီဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်။

ကျောင်းဆရာဆိုသည့် ဂုဏ်ပုဒ်ကို အသုံးချပြီး စိုးမိုးဦးသည် ကလေးငယ်များအား အဓမ္မပြုကျင့်ရန် ကြိုးစားခြင်း၊ ရင်သားများကိုကိုင်တွယ်ခြင်း စသည့် လိင်အမြတ်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်သော်လည်း ကျူးလွန်ခံခဲ့ရသည့် ကလေးငယ်များအတွက်တော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခများစွာ ကြုံတွေ့နေရဆဲ….. ကျူးလွန်သူ ထောင်ဒဏ် အနှစ် ၃၀ ကျသွားပေမဲ့ ကျူးလွန်ခံရသည့် ကလေးငယ်များကတော့ ၎င်းတို့နေထိုင်သည့် ပတ်ဝန်းကျင်၊ စာသင်ကျောင်းတို့တွင် အနှစ် ၃၀မက ဘဝကို ပင်ပန်းကြီးစွာ ခက်ခဲရုန်းကန်နေရတော့မည် ဖြစ်သည်။

[youtube https://youtu.be/w9LlXomLL9U]

Show More

Related Articles

Back to top button