
သီတင်းသုံးပတ်နီးပါး ရှိလာပြီဖြစ်သည့် ရခိုင်မြောက်ပိုင်း အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရက ဗဟိုအစိုးရထံ အင်တာနက်ဝန်ဆောင်မှု အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန် အကြောင်းကြားစာ ပို့မည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသော မြို့နယ်ရှစ်မြို့နယ်တွင် ဇွန်လ ၂၁ ရက်နေ့မှစ၍ အင်တာနက်ဖြတ်တောက်ရန် ပြည်တွင်းဖုန်းအော်ပရေတာများအား အစိုးရက ညွှန်ကြားခဲ့ခြင်းအပေါ် အင်တာနက် အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးရန် ဇွန်လ ၂၄ ရက်တွင် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည်။
ယင်းအဆိုကို လွှတ်တော်အတွင်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး အင်တာနက်ဝန်ဆောင်မှုကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရေး အကြောင်းကြားစာကို ဗဟိုအစိုးရထံ ပို့သွားမည်ဟု ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ယနေ့ပြောသည်။
“ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ (အဆို)နိုင်တယ်။ အစိုးရအဖွဲ့ကလည်း မကန့်ကွက်ဘူး။ အတည်ဖြစ်တော့ ပြည်ထောင်စုအစိုးရကို အကြောင်းကြားစာ ပို့မယ်။ ဒီအဆိုနဲ့ပတ်သက်လို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ချက်က ဘယ်လိုဘယ်လို လုပ်ထားတယ် ဆိုပြီးတော့ အကြောင်းကြားမယ်ပေါ့” ဟု ၎င်းကပြောသည်။
ယခုလို အင်တာနက်ဖြတ်တောက်အပြီး ဒေသခံပြည်သူများကလည်း လွှတ်တော်ကိုယ်စားများကို ယခင်လို အားကိုးပြီး မဆက်သွယ်တော့ဟု ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ လွှတ်တော်က ဆုံးဖြတ်ပြီး (အဆို) နိုင်ထားတဲ့ကိစ္စကို ပြည်ထောင်စုအစိုးရ ကလည်း ရခိုင်ပြည်နယ်ရဲ့လွှတ်တော်ကို တန်ဖိုးထားပြီး ဖွင့်ပေးစေချင်တယ်ပေါ့ဗျာ” ဟု ၎င်းကပြောသည်။
အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ကြောရေး ပေါက်တောပြင်ကျေးရွာသား နှစ်ဦးသေဆုံးမှုနှင့် ရသေ့တောင်မြို့နယ် ရမြစ်တောင်ကျေးရွာကို မီးရှို့ခံရတာတွေကို အဖြစ်အပျက် နောက်ပိုင်းမှသာ သိရကြောင်း မြောက်ဦးမှ ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
“ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်နဲ့ လူထုကြားဆက်ဆံရေးရော လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဆက်ဆံရေးရော အကုန်လုံး ထိခိုက်နစ်နာသွားပါတယ်။ လူထုကတောင်းဆိုလို့ လူထုရဲ့အသံကို လွှတ်တော်မှာ ဖော်ဆောင်ပြီးပါပြီ။ အလုပ် လုပ်မယ့်တာဝန်က အစိုးရရဲ့ တာဝန်ပဲရှိပါတော့တယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ ရှစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် စုစုပေါင်း ၉ မြို့နယ်တွင် မိုဘိုင်းဖုန်း အော်ပရေတာများက အင်တာနက်ဝန်ဆောင်မှု ရပ်ဆိုင်းထားရသည်မှာ ၁၇ ရက်ရှိလာပြီဖြစ်သည်။
ဖြတ်တောက်ရသည့် အကြောင်းရင်းကို အစိုးရက တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း တယ်လီနောက ပေးပို့သည့် ဖုန်းမက်ဆေ့တွင် ဒေတာနှင့် အင်တာနက်ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားကြောင်း ဖော်ပြထားသည်။