သတင်း

ပြည်ခိုင်ဖြိုး ဆိပ်ကမ်းအမတ်၏ အယူခံ ရွေးကောက်ပွဲကော်မရှင် ပလပ်

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ၌ ဆိပ်ကမ်းမဲဆန္ဒနယ်တွင် ဖြစ်ပေါ်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုအပေါ် ရွေးကောက်ပွဲကော်မရှင်ခုံရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ အယူခံတက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် အယူခံလျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ပလပ်လိုက်သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ဆိပ်ကမ်းမဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်မှာ NLD မှ ဦးသန်းထိုက်အောင်ဖြစ်လာမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲကာလ အငြင်းပွားမှုတစ်ခုအတွက် ခုံရုံးဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင် ဦးသန်းဋ္ဌေး၊ ဦးလှတင့်တို့က သက်သေ ၁၆ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု ပေါ်ပေါက်သဖြင့် ဒုတိယဆန္ဒမဲအများဆုံးရရှိသည့် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အမတ်ကို မေလ ၃၀ရက်နေ့က အနိုင်ပေးခဲ့သည်။

ထိုသို့အနိုင်ပေးသည့်အပေါ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က မကျေနပ်၍ အယူခံဆက်လက်တင်သွင်းခဲ့ရာ ထိုအယူခံကို ရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် ပလပ်လိုက်ခြင်းဖြစ်သည်။

 “ဒါကို မြန်မာနိုင်ငံပြန်တမ်းမှာ ထည့်မယ်။ မြန်မာနိုင်ငံပြန်တမ်းမှာ ထည့်ပြီးရင် ရွေးကောက်ပွဲခုံအဖွဲ့ကနေ လက်မှတ်ထိုးပေးမယ်။ ပြီးရင် ရန်ကုန်တိုင်းလွှတ်တော်ကို အကြောင်းကြားစာပို့မယ်။ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ကိုသန်းထိုက်အောင်ကို ခေါ်တဲ့အခါမှ လွှတ်တော်တက်လို့ရမယ့် သဘောရှိတယ်ဟု  

 

NLDဗဟို ဥပဒေအကြံပေးအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးဖေတင်က ပြောသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်()တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က ၅၁၄ မဲ ရရှိခဲ့ပြီး NLD ကိုယ်စားလှယ်က ၃၆၅ မဲ ရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်၏ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ဒုတိယမဲအများဆုံးရရှိသည့်  NLD ကိုယ်စားလှယ်မှာ ထိုမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမည် ဖြစ်သည်။

ပြည်ခိုင်ဖြိုးဘက်မှ အယူခံလျှောက်လဲချက်မှာ မှန်ကန်မှုမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၅ပါး စုံညီခုံရုံးက ယနေ့တွင် ထောက်ပြရှင်းလင်းသွားခဲ့ကြောင်း NLD ပါတီ၏ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ပြောသည်။

အမှုဖြစ်စဉ်သည် လာမည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် နောက်ပိုင်းရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများအတွက် ဆောင်ရန်ရှောင်ရန် အချက်အလက်အများအပြား ပါဝင်နေရာ အမှုစီရင်ချက်သည် အမတ်လောင်းတို့အတွက် ပြဋ္ဌာန်းစာအုပ်သဖွယ်ဖြစ်လာမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလ မဲဆန္ဒနယ်အများစုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရရှိခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ ဆိပ်ကမ်းမဲဆန္ဒနယ်တစ်ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)က အနိုင်ရရှိခဲ့သည်။ သို့သော် ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာ Myanmar Now သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သည့်အနိုင်ရအမတ်လောင်းနှင့် ရွေးကောက်ပွဲအကြိုကာလ ငွေချေးလုပ်ငန်းဟူသည့် ဆောင်းပါးတွင် အနိုင်ရအမတ်လောင်းက သူ၏ မဲဆန္ဒရှင်များ အတိုးမဲ့ချေးငွေ ရရှိနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း စုံစမ်းဖော်ထုတ်ရေးသားခဲ့သည်။

ထိုဆောင်းပါးထွက်ပြီးနောက်တွင် ဒုတိယမဲအများဆုံးရသူ NLD မှ ဦးသန်းထိုက်အောင်က ကော်မရှင်ကို ကန့်ကွက်လွှာတင်သွင်းလိုက်ပြီး ယင်းကို ရွေးကောက်ပွဲကော်မရှင်ခုံရုံးက လအတန်ကြာ စစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးနေမျိုးအောင်သည် မဲဆန္ဒရှင်တို့အတွက် ငွေအသုံးပြုခြင်း၊ မဲဆွယ်ကာလ ဘာသာရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ နိုင်ငံပိုင်မြေပေါ်တွင် ပါတီရုံးခန်းဖွင့်ခြင်း စသည့် ရွေးကောက်ပွဲဥပဒေက တားမြစ်ထားသော လုပ်ရပ်များပေါ်ပေါက်လာသည်။ ထို့ကြောင့် ခုံရုံးက မေလ ၃၀ ရက်နေ့တွင် ဦးနေမျိုးအောင်၏ ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button