နိုင်ငံတကာသတင်းသတင်း

တရုတ်တွင် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်၊ လူ ၁၂ ဦး သေဆုံးပြီး ၁၃၄ ဦး ထိခိုက်ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် ပြင်းအား ဒသမ ရှိသော အင်အားပြင်းမြေငလျင်တစ်ခု လှုပ်ခတ်သွားရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၁၃၄ ဦး ဒဏ်ရာရရှိသွားသည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံများအောက်တွင် ပိနေသည့် သေဆုံးသူရုပ်အလောင်းများနှင့် အသက်ရှင်နေသူများကို ကြိုးစားပမ်းစား ဆွဲထုတ်လျက်ရှိသည်။

မြေငလျင်မှာ စီချွမ်ပြည်နယ် ယီဘင်အနီး၌ တနင်္လာနေ့ညပိုင်းက လှုပ်ခတ်သွားခြင်းဖြစ်ပြီး ငလျင်ကြောင့် အဆောက်အအုံများစွာ ပျက်စီး၊ ပြိုကျသွားခဲ့သလို လူပေါင်း ၄၀၀၀ ကျော်မှာလည်း နေရာရွှေ့ပြောင်းခဲ့ကြရသည်။

တရုတ်နိုင်ငံပိုင် CCTV သတင်းဌာန၏ ထုတ်လွှင့်တင်ဆက်မှုတွင် ပြိုကျပျက်စီးနေသော အဆောက်အအုံတစ်ခုအတွင်း ပိတ်မိနေသူတစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်နေပုံကို တွေ့မြင်ရသည်။ အလားတူအမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြိုနေသည့် တိုက်တစ်တိုက်အောက်မှ ဆွဲထုတ်နေပုံများကိုလည်း တွေ့ရသည်။

Xinhua သတင်းဌာန၏ ရေးသားဖော်ပြချက်အရ မြေငလျင်ဗဟိုချက်နှင့် အလွန်နီးကပ်သည့်နေရာတွင်ရှိသော ဟိုတယ်တစ်ခုမှာ ပြိုလဲပျက်စီးသွားခဲ့သည်။ သို့သော် ယင်းဟိုတယ်ထဲတွင်ရှိနေသူ မည်၍မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

ချန်ဒူမြို့တွင်မူ ငလျင်မလှုပ်မီ တစ်မိနစ်အလို၌ မြေငလျင်သတိပေးစနစ် ပွင့်ခဲ့ကြောင်း သိရသည်။ ယီဘင်တွင်မူ ငလျင်မလှုပ်မီ စက္ကန့်ပိုင်းအလိုတွင်သာ အချက်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

သို့သော် Xinhua သတင်းဌာနကမူ ငလျင်မလှုပ်မီ စက္ကန့်ကြိုတင် အသာစီးရကာ သိရှိနိုင်ခဲ့မှုက ထိခိုက်သေကျေမှုများကို ၁၄ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြခဲ့သည်။

ချန်နင်းကောင်တီတွင်မူ လူကိုးဦး သေဆုံးသွားခဲ့ပြီး ကီဇီယန်ကောင်တီတွင်မူ သုံးဦးသေဆုံးသွားခဲ့ကြောင်း ယီဘင်အုပ်ချုပ်ရေးအဖွဲ့က Twitter ကဲ့သို့သော Weibo အကောင့်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

အခြားသတင်းများအရ အဆိုပါငလျင်ကြောင့် ဒဏ်ရာရရှိသွားသူ ၁၃၀ ကျော်ရှိသည့်အနက် ၅၀ ကျော်ခန့်မှာ ဆေးရုံနှစ်ခုတွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေရာများတွင် ကယ်ဆယ်ရေးလုပ်ဆောင်ရန် မီးသတ်ဝန်ထမ်း ၅၀၀ ကျော်ခန့် စေလွှတ်ထားသည်။ ထို့ပြင် ရွက်ဖျင်တဲ ၅၀၀၀ အပါအဝင် အခြားအရေးပေါ် အထောက်အပံ့ပစ္စည်းများကို ကယ်ဆယ်ရေးဝန်ထမ်းများနှင့်အတူ ပေးပို့ထားသည်ဟု အာဏာပိုင်များကဆိုသည်။

Credit: AFP

Show More

Related Articles

Back to top button