သတင်း

ဆရာတော် မခေါ်ထိုက်ဟု သာသနာရေးထုတ်ပြန်ချက် ဗုဒ္ဓ ဓမ္မပရဟိတ ဖောင်ဒေးရှင်း ကန့်ကွက်

ဆရာတော်ဟု မခေါ်ဆိုထိုက်ဟု သာသနာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပေါ် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအနေနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေးတွင် ထုတ်ပြန်ကြေညာလိုက်သည်။

အာဏာစက်ဖြင့် အရေးယူခံရသူကို ဆရာတော်ဟု မခေါ်ဆိုထိုက်ဟုလည်းကောင်း၊ မကြာခဏ ဝိနည်းသိက္ခာပုဒ် ကျူးလွန်သူကို ဒုဿီလ (သီလမဲ့သူ) ဟု ခေါ်ဆိုရမည်ဟုလည်းကောင်း စသည့် အကြောင်းအရာများပါဝင်သည့် ယင်းထုတ်ပြန်ချက်သည် ဓမ္မဝိနယနှင့် မညီရုံမက ဗုဒ္ဓဘာသာဝင်သူတော်စင်များ၏ စိတ်၌ အသိမှားအမြင်မှားများကိုပင် ဖြစ်ပေါ်စေသောကြောင့် ထိုအဖွဲ့ကြီးက သံဃာထုကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ရဟန်းတို့စောင့်ထိန်းရသည့် ၂၂၇ သွယ်သော သိက္ခာပုဒ်များကို စောင့်ထိန်းပြီး ရဟန်းသိက္ခာဝါ ၂၀ အထက်ရှိသူကို ဆရာတော်ဟု ခေါ်ထိုက်ကြောင်း၊ သီလသိက္ခာပုဒ်များကို မျက်နှာပြောင်တိုက် ကျူးလွန်နေသော ဒုဿီလ (သီလမဲ့) သူအား ဆရာတော်ဟု မခေါ်ထိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်အပေါ် ထိုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာရဟန်းတော်များ စောင့်ထိန်းရသည့် သီလသိက္ခာပုဒ်များကို မစောင့်ထိန်းသည့် သီလကင်းမဲ့သည့် ဘုန်းကြီးများ၊ ရာဇဝတ်မှုများကျူးလွန်ပြီး ဝရမ်းပြေးဖြစ်နေသူများကို ဆရာတော်ဟု မခေါ်ထိုက်၊ ရဟန်းဟုလည်း မသတ်မှတ်ထိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နှစ်စဉ်ကျင်းပလေ့ရှိသည့် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ယခု ငါးကြိမ်မြောက် နှစ်ပတ်လည်စုံညီအစည်းအဝေးကို အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရကျောင်းတွင် နံနက် နာရီခန့်က ပထမပိုင်းကျင်းပပြီး ကျောက်တော်ကြီးဘုရားအနီး သီရိမင်္ဂလာသာသနာ့ဗိမာန်တော်တွင် ဒုတိယပိုင်း ဆက်လက်ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးအပြီးတွင် အချက် ၇ ချက် ပါဝင်သော သဘောထားကြေညာချက်ကို ထုတ်ပြန်ရာတွင် ဦးဝီရသူ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ ပြောဆိုချက်များသည် အပြုသဘောနှင့် ဝေဖန်ထောက်ပြခြင်းဖြစ်ပြီး ရုန့်ရင်းကြမ်းတမ်းသည့် စကားများသုံးနှုန်းခဲ့သော် ဓမ္မစက်ဖြင့် ဦးစွာဆုံးမရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ယခုနှစ်မေလ ဒုတိယအပတ်က မင်းဘူးမြို့သို့ ရောက်ရှိလာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးမဝင်ရဟု ကန့်သတ်ထားသော အောက်စက်တော်ရာကို ဝင်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ကျော်လွန်၍ မထီမဲ့မြင်ပြုလုပ်ခြင်းဖြစ်သည့်အတွက် မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသည့် ရဟန်းရှင်လူပြည်သူများကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း အချက် ခုနစ်ချက်ထဲ၌ ထည့်သွင်းကန့်ကွက်ခဲ့သည်။

ထိုအစည်းအဝေးကို သံဃာတော် ၂၂၈၁ ပါး သီလရှင် ၉၁ ပါးနှင့် လူပုဂ္ဂိုလ် ၃၀၇၇ ဦး တက်ရောက်ခဲ့သည်ဟု အစည်းအဝေးအပြီး ကြေညာသည်။

Show More

Related Articles

Back to top button