
အစွန်းရောက်အမျိုးသားရေးဝါဒီများဟု ကမ္ဘာထိကျော်ကြားသူများဖြင့် ဖွဲ့စည်းထားသည့် ယခင် မဘသအဖွဲ့ကို အမည်ပြောင်းထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ နှစ်ပတ်လည်ညီလာခံသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံကိုယ်တိုင် အလှူငွေကျပ်သိန်း ၃၀၀ တက်ရောက်လှူဒါန်းခဲ့သည်။
ပဉ္စမအကြိမ် နှစ်ပတ်လည် စုံညီအစည်းအဝေးကို မဘသအဖွဲ့ ဥက္ကဋ္ဌဆရာတော်၏ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်တွင် ယနေ့နံနက်က ကျင်းပခဲ့ခြင်း ဖြစ်ပြီး တက်ရောက်သူ သံဃာအပါး ၁၀၀၀ ခန့်အတွက် နေ့ဆွမ်းကို ဖမ်းဝရမ်းထုတ်ခံထားရပြီး ရှောင်တိမ်းနေသည့် စီးပွားရေးလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်က တာဝန်ယူလှူဒါန်းသည်ဟု တရားဝင်ထုတ်ပြန်ကြေညာသည်။
အခွန်ပေးဆောင်ရန် ပျက်ကွက်မှုဖြင့် အစိုးရကတရားစွဲခံထားရသည့် ဦးစိုးထွန်းရှိန်မှာ ယခု အမည်ပြောင်းလဲထားသည့် ယခင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) စတင်တည်ထောင်စဉ်ကတည်းက အစဉ်တစိုက်ဝန်းရံလာသူ၊ ဓမ္မဝံသာနုရက္ခိတအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။
ထို့ပြင် မည်သည့်နေရာတွင် ရှောင်တိမ်းနေမှန်းမသိရသည့် မဘသခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝီရသူကလည်း ရုရှားလူမှုကွန်ရက် VK မှတစ်ဆင့် “မဘသဗဟိုနှစ်ပတ်လည်ညီလာခံသို့ လျှောက်ထားလွှာ” ခေါင်းစဉ်ဖြင့် ယမန်နေ့က ဗီဒီယိုတစ်ဖိုင်တင်ကာ “နိမ့်ပါးသည့်အခြေအနေ” သို့ရောက်ရှိနေသည့်အတွက် မဘသညီလာခံသို့ မလာရောက်နိုင်ကြောင်း ညီလာခံတက်သည့် သံဃာများအား လျှောက်ထားထားသည်ကို တွေ့ရသည်။

မန္တလေး မစိုးရိမ်စာသင်တိုက်သစ်မှ ဦးဝီရသူမှာ မကြာသေးမီက အစိုးရအဖွဲ့ကို ပုတ်ခတ်ပြောဆိုမှုဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-က အရ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားသူဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတ (ဗဟို) ကလည်း တတိယအကြိမ် နှစ်ပတ်လည် သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ လက်ရှိအချိန်တွင် သံဃာတော်များအား သဘောထားမတူရုံမျှနှင့် နှိမ့်ချစော်ကား ဆဲဆိုကာ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည် ဖြစ်စေ သံဃာသင်းကွဲအောင် လုပ်ဆောင်နေခြင်းကို ရှောင်ကြဉ်ကြရန် တိုက်တွန်းသည်ဟု ရေးသားထားသည်။
“ကုဋေ ၉၀၀၀ ကျော်သော သိက္ခာပုဒ်ကို စောင့်ထိန်းသည့် မြင့်မြတ်သော သံဃာတော်များကို ကာမဂုဏ် ထူပြောသော လူများနှင့် တစ်တန်းတည်းယှဉ်တွဲနေရာပေးခြင်းများသည် ဗုဒ္ဓသာသနာကို နှိမ်ချသကဲ့သို့ ဖြစ်စေခြင်းများကို ရှောင်ကြဉ်ပါရန် အလေးထား တိုက်တွန်းအပ်ပါသည်”ဟု လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်” အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (သာသနဝံသပါလအဖွဲ့) မဘသ (ဗဟို) ကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။
ဦးသိန်းစိန် သမ္မတသက်တမ်းမကုန်မီ မျိုးစောင့်ဥပဒေလေးခုကို ပြဋ္ဌာန်းခဲ့ရာတွင် မဘသအဖွဲ့သည် အခရာကျသည့် တွန်းအားဖြစ်သည်။
မဘသအဖွဲ့သည် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးထက် လူမျိုးခြား၊ ဘာသာခြား မုန်းတီးရေးကို ဇောင်းပေးသည်ဟု ဝေဖန်ခံရသည့်အဖွဲ့ဖြစ်သည်။
မဘသကို တရားမဝင်အသင်းကြေညာပြီး အဖွဲ့၏ လုပ်ဆောင်ချက်များကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ရပ်ဆိုင်းပေးရန်နှင့် ဆိုင်းဘုတ်များဖြုတ်ချပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ၂၀၁၇ ခုနှစ် မေလအတွင်း ထုတ်ပြန်ချက်ထုတ်ကာ ပိတ်ပင်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း မဟန၏ ထုတ်ပြန်ချက်ထုတ်ပြန်ပြီး လေးရက်အကြာ ၂၀၁၇ ခုနှစ် မေလ ၂၇ ရက်တွင် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဟု အမည်ပြောင်းလဲခဲ့သည်။ ထိုအဖွဲ့ကိုလည်း မဟနက တရားမဝင်ကြောင်း ၂၀၁၈ ခုနှစ်အတွင်း ထပ်မံကြေညာခဲ့ပြန်သည်။
တရားမဝင်ကြောင်း ကြေညာထားသည့်ကြားမှ ထိုအသင်းအဖွဲ့အမည်ဖြင့် ပွဲအခမ်းအနားကျင်းပသည့် အပေါ် ရန်ကုန်တိုင်း သာသနာရေးဦးစီးဌာန၏မှတ်ချက်ကို ရရှိဖို့ကြိုးစားသော်လည်း မရရှိခဲ့ပါ။
မဘသအဖွဲ့ (ဗဟို) ညီလာခံကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၁၈ ခုနှစ်တွင် မကျင်းပဖြစ်ခဲ့ဘဲ ယခု ၂၀၁၉ ခုနှစ်ကျမှ ပဉ္စမအကြိမ် ကျင်းပခြင်းဖြစ်သည်။