
ဟောင်ကောင်ကျွန်းတွင် တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်း ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုနေသော ဒေသခံထောင်ပေါင်းများစွာနှင့် ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့နေရာ ဗုဒ္ဓဟူးနေ့တွင် လိပ်ခဲတည်းလည်းအခြေအနေသို့ ရောက်ရှိနေပြီး လုပ်ငန်းလည်ပတ်မှု အများအပြားလည်း ရပ်ဆိုင်းထားရပြီဖြစ်သည်။
BBC သတင်းဌာန၏ ရေးသားဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် မျက်နှာဖုံးစွပ်၊ သံခမောက်များ ဝတ်ဆင်ထားသော ဆန္ဒပြသူတို့က ဟောင်ကောင်ရှိ အစိုးရ အဆောက်အအုံများ၊ ပင်မလမ်းမကြီးများကို ပိတ်ဆို့ပစ်လိုက်ကြသည်ဟု သိရသည်။
အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံပြည့် ဝတ်ဆင်ထားသော ရဲတပ်ဖွဲ့က ဆန္ဒပြသူများ လူစုကွဲရန် ငရုတ်ကောင်းစပရေးများ၊ မီးသတ်ပိုက်များဖြင့် အင်အားသုံး နှိမ်နင်းသွားရန် ပြင်ဆင်လျက်ရှိသည်။
AFP သတင်းဌာနကဖော်ပြသော သတင်းတစ်ရပ်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူတစ်ဦးကို မီးသတ်ပိုက်ဖြင့်ထိုးနေသည့် ဓာတ်ပုံ တွေ့ရသည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး (ဘေဂျင်းအစိုးရလိုလားသူ) မစ္စကာရီလမ်က အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်းကိစ္စကို ဖျက်သိမ်းမည်မဟုတ်ဟု ဆိုထားသော်လည်း ဥပဒေပြုကောင်စီက ယင်းဥပဒေမူကြမ်းကို ဒုတိယအကြိမ် ကြားနာမည့်ကိစ္စအား ယာယီရပ်ဆိုင်းထားသည်။
ဘေဂျင်းအစိုးရ၏ သစ္စာတော်ခံအုပ်စုဟု ဟောင်ကောင်တွင် စွပ်စွဲခံထားရသည့် ယင်းကောင်စီ၏ ဗုဒ္ဓဟူးနေ့ထုတ် ကြေညာချက်တွင် တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေကြမ်းအတွက် ဒုတိယအကြိမ်ဆွေးနွေးပွဲကို နံနက် ၁၁ နာရီတွင်ကျင်းပရန် စီစဉ်ထားခဲ့မှုအား ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။

ယခုတစ်ကြိမ် ဟောင်ကောင်၌ဖြစ်ပေါ်နေသော ဆန္ဒပြပွဲကြီးတွင် လူတစ်သန်းခန့် ပါဝင်ရာ ဗြိတိန်လက်အောက်မှ လွှတ်လပ်ရေးရရှိခဲ့သည့် ၁၉၉၇ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲအဖြစ် သတ်မှတ်ခံရသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူအများစုမှာ လူငယ်များ၊ တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး ၎င်းတို့က လမ်းဆုံလမ်းခွများ၊ အစိုးရရုံး အဆောက်အအုံများကို ပိတ်ဆို့ထားကြသည်။
ဗုဒ္ဓဟူးနေ့တွင် ဟောင်ကောင် စီးပွားရေးလုပ်ငန်း ၁၀၀ ကျော်ခန့်က ဆန္ဒပြသူများနှင့် တစ်စည်းတစ်လုံးတည်းရှိသည့် သဘောကို ပြလိုသောကြောင့် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာသည်။
ဥပဒေကြမ်းသာ အတည်ပြုခဲ့မည်ဆိုပါက တရုတ်ပြည်မကြီးတွင်ရှိသော ကွန်မြူနစ်ပါတီသြဇာခံ တရားရုံးများ၊ တရားစီရင်ရေးစနစ်တွင် ပါဝင်သူများက ဟောင်ကောင်နှင့် ဆက်စပ်ပတ်သက်ကြရမည်ဖြစ်ရာ ဟောင်ကောင်ပြည်သူများက မျှတမှုရှိသော တရားစီရင်ရေးတစ်ရပ် ပျောက်ဆုံးမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
Credit: BBC, AFP