ပေကျင်း၊ ဇွန် ၁၀
ပြည်ပအင်အားစုများသည် ဟောင်ကောင်ကျွန်းတွင် မတည်မငြိမ်မှုများဖြစ်အောင်ဖန်တီးခြင်းအားဖြင့် တရုတ်ပြည်ကို ထိခိုက်နစ်နာအောင်ကြိုးပမ်းလျက်ရှိသည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက သတိပေးချက်ထုတ်ပြန်လိုက်သည်။
တနင်္ဂနွေနေ့က ဟောင်ကောင်တွင် တရားခံလွှဲပြောင်းမှုဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်ရန် ဖိအားပေးသည့်အနေဖြင့် ဟောင်ကောင်ပြည်သူ ငါးသိန်းထက်မနည်း လမ်းမပေါ်ထွက်ဆန္ဒပြပွဲကြီးပြုလုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံပိုင်မီဒီယာက ယင်းသို့သတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
တနင်္ဂနွေနေ့ ဆန္ဒပြပွဲသည် ပထမပိုင်းက တည်ငြိမ်အေးချမ်းသည့်အသွင်ဆောင်ခဲ့သော်လည်း နောက်ပိုင်း၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ခဲ့ကြသည်။ ဟောင်ကောင်အစိုးရကမူ အဆိုပါဥပဒေမူကြမ်းကိစ္စကို ဗုဒ္ဓဟူးနေ့တွင် ဆက်လက်ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုသည်။
ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူများအဆိုအရ တနင်္ဂနွေနေ့က ဟောင်ကောင်ပြည်သူ တစ်သန်းနီးပါးခန့် ချီတက်ဆန္ဒပြခဲ့ကြသည်။ သို့သော် ရဲတပ်ဖွဲ့က ၂၄၀,၀၀၀ ခန့်သာ အများဆုံးတက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
အကယ်၍ ဆန္ဒပြပွဲဦးဆောင်သူများ၏ ပြောကြားချက်မှန်ကန်သည်ဆိုပါက ယင်းဆန္ဒပြပွဲသည် ၁၉၉၇ ခုနှစ်၊ ဟောင်ကောင်ကျွန်း ဗြိတိသျှတို့လက်အောက်မှ တရုတ်ပြည်မကြီးလက်အောက်သို့လွှဲပြောင်းရောက်ရှိခဲ့ပြီးနောက် အကြီးမားဆုံးဆန္ဒပြပွဲကြီးအဖြစ်သတ်မှတ်၍ရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံပိုင် China Daily သတင်းစာက “ဟောင်ကောင်ပြည်သူများအနေဖြင့် တရားခံလွှဲပြောင်းရယူရေးဥပဒေမူကြမ်းကို ဆန့်ကျင်လာအောင် အတိုက်အခံအင်အားစုများနှင့် သူတို့၏ ပြည်ပမှမဟာမိတ်များက လိမ်ညာလှည့်ဖြား နေကြခြင်းဖြစ်သည်” ဟု အယ်ဒီတာ့အာဘော်တွင်ရေးသားဖော်ပြသည်။
မျှမျှတတတွေးခေါ်တတ်သည့် မည်သို့သောပုဂ္ဂိုလ်မျိုးမဆို ဟောင်ကောင်အား ဒုစရိုက်ကောင်များ၏ အန္တရာယ်မှ ကင်းဝေးစေနိုင်သည့် ယင်းဥပဒေမူကြမ်းကို ထောက်ခံမည်သာဖြစ်သည်ဟုလည်း ဆက်လက်ဖော်ပြသည်။
BBC



