
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအတွင်း အရပ်သားများ သေကျေ၊ ဒဏ်ရာရမှုများအတွက် ရက္ခိုင့်တပ်တော် AA တွင်လည်း တာဝန်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် က ယနေ့ နေပြည်တော်တွင်ပြုလုပ်သည့် သမ္မရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ရခိုင်ပြည်နယ်တိုက်ပွဲများတွင် အရပ်သားများ သေဆုံးနေသည့် ဖြစ်စဉ်များမှာ AA နှင့်အရပ်သား ရောနှောနေသည့် ပြဿနာကြောင့်ဖြစ်ကြောင်း တပ်မတော်က ရှင်းလင်းထားသည်။
တိုက်ပွဲများအတွင်းအရပ်သား သေဆုံးမှုမဖြစ်ပွားရန်အတွက် တိုက်ပွဲများအရင်ဆုံးရပ်တန့်ဖို့က အရေးကြီးကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောသည်။
“ ကျွန်တော်တို့က တပ်မတော်တစ်ခုတည်းကိုပြောဖို့ထက် AA ကိုလည်း ပြောဖို့လိုတယ် ဒီဒေသခံပြည်သူတွေ ရခိုင်တိုင်းရင်းသားတွေကို ငဲ့ကွက်ပြီးတော့ ငြိမ်းချမ်းရေးလမ်းကိုလျှောက်ပါ ” ဟု ဦးဇော်ဌေးက ပြောသည်။
AA ပြောခွင့်ရသူခိုင်သုခကမူ AA အနေဖြင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားရာတွင် ရွာသားများနှင့်ရောနှောပြီး တိုက်ခိုက်ခြင်းမရှိဘဲ စစ်စည်းကမ်းများနှင့်အညီသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myanmar Now ကိုပြောကြားထားသည်။
အစိုးရနှင့် AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့တို့ နှစ်ဦးနှစ်ဖက် အပစ်ရပ် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ပထမအကြိမ်အဖြစ် ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးပွဲရလဒ်အရ နောက်တစ်ကြိမ်ပြုလုပ်မည့် ဆွေးနွေးပွဲတွင် တပ်မတော်ပါ ပါဝင်ဆွေးနွေးမည်ဟု သဘောတူခဲ့သည်။
နောက်တစ်ကြိမ်ဆွေးနွေးပွဲကို မေလ နောက်ဆုံးပတ်တွင် စတင်မည်ဟု စီစဉ်ထားသော်လည်း ဆွေးနွေးမည့်နေရာကို နှစ်ဖက်မညှိနှိုင်းနိုင်သေးသောကြောင့် ယနေ့အချိန်အထိမဆွေးနွေးနိုင်သေးပေ။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်များမှာလည်း ဆက်လက်မြင့်တက်လျက်ရှိသည်။
မေလ အစောပိုင်းက ရသေ့တောင်မြို့နယ် မြောက်ဘက်ရှိ ကျောက်တန်းရွာကို တပ်မတော်မှ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသား ၂၇၀ ကို ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းကာ စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးနေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တပ်မတော်၏ ပစ်ခတ်မှုကြောင့် ရွာသား ၇ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့သည်။