
အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးပါတီဖြစ်သော ဘီဂျေပီပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားသည်။
အမျိုးသားလုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ ပြတ်သားသည့်ရပ်တည်ချက်ရှိသော ဘီဂျေပီပါတီ ပြန်လည်အနိုင်ရရှိသွားခြင်းနှင့် ဝန်ကြီးချုပ်မိုဒီ ပြန်လည်ရွေးကောက် တင်မြှောက်ခံရခြင်းက ကမ္ဘာတစ်ဝန်း ရွေးကောက်ပွဲအသီးသီး၌ လက်ယာယိမ်းပေါ်ပြူလာဝါဒီအများစု အနိုင်ရရှိနေမှုကို ပိုမိုခိုင်မာသွားစေခဲ့သည်။
အိန္ဒိယရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ရလဒ်များအရ ဝန်ကြီးချုပ်မိုဒီ၏ ဘရာသီယာဂျန်နတာပါတီ(ဘီဂျေပီ)သည် အောက်လွှတ်တော်ရှိ နေရာစုစုပေါင်း ၅၄၂ နေရာတွင် ၃၀၂ နေရာ ရရှိခဲ့ခြင်းဖြစ်သည်။
ပါလီမန်အောက်လွှတ်တော်တွင် အင်အားကြီးပါတီဖြစ်ရေးအတွက် အနိမ့်ဆုံးရရှိရန် လိုအပ်သည့် အရေအတွက်မှာ ၂၇၂ နေရာ ဖြစ်သည်။ ဘီဂျေပီသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတုန်းက ၂၈၂ နေရာအတွက် အနိုင်ရရှိခဲ့သည်။
ယခုရွေးကောက်ပွဲတွင်မူ ဘီဂျေပီ၏ အဓိကပြိုင်ဘက် ကွန်ဂရက်ပါတီမှာ ၅၂ နေရာသာ ရရှိခဲ့သည်။
မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ထောက်ခံအားပေးသူများနှင့် ပြည်သူများကို ရုပ်သံမိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်မိုဒီက “အတိတ်ကာလက ရွေးကောက်ပွဲတွေမှာ ဘာတွေပဲဖြစ်ခဲ့သည်ဖြစ်စေ ကျွန်တော်တို့အနေနဲ့ ရှေ့ကိုတည့်တည့်ကြည့်ပြီး ဆက်လျှောက်ကြရပါမယ်၊ အတိုက်အခံအင်အားစုတွေအပါအဝင် အားလုံးကို လက်တွဲခေါ်သွားရပါမယ်” ဟု ပြောကြားသည်။
“အိန္ဒိယရဲ့ နိုင်ငံရေးဂုရုကြီးတွေအနေနဲ့ အတိတ်က သူတို့ရဲ့အိုင်ဒီယာတွေကို အတိတ်မှာ ထားခဲ့ရပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဝန်ကြီးချုပ်မိုဒီသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် အိန္ဒိယ၌ ကြိုးနီစနစ်များ လျော့ကျသွားအောင် လုပ်ကိုင်နိုင်ခဲ့သည်။ သို့သော်လည်း Amazon၊ Walmart နှင့် Mastercard ကဲ့သို့သော ပြည်ပလုပ်ငန်းကြီးများက အိန္ဒိယအစိုးရ၏ မူဝါဒသည် ပြည်တွင်းကုမ္ပဏီများ အမြတ်ထွက်အောင် ဒီဇိုင်းဆင် ရေးဆွဲထားခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။
ပြန်လည်ရွေးကောက်တင်မြှောက်ခံရသော ဝန်ကြီးချုပ်မိုဒီအနေနှင့် လာမည့်နှစ်အနည်းငယ်အတွင်း အလုပ်အကိုင် ဈေးကွက်ထဲသို့ ဝင်ရောက်လာကြမည့် လူငယ်လူရွယ် သန်းပေါင်းများစွာ အလုပ်အကိုင်ရရှိရေးအတွက် တောင်းဆိုမှုများကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။
ထို့ပြင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဝင်ငွေအခက်ကြုံနေရသူများ၏ ပြဿနာကိုလည်း ဖြေရှင်းပေးရမည်ဖြစ်သည်။
မွတ်စလင်အများစုနေထိုင်ရာ ကက်ရှ်မီးယားဒေသ ခွဲထွက်ရေးလှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မည်ဟု မိုဒီက ကတိကဝတ်ပြုခဲ့ခြင်းကြောင့် အိမ်နီးချင်းပါကစ္စတန်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား ဆက်ဆံရေး အလွန်အမင်း တင်းမာခဲ့သော်လည်း ယခုလိုရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်မိုဒီ ပြန်လည်ရွေးကောက် တင်မြှောက်ခံရမှုကို အထူးပင်ဝမ်းမြောက်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်က ထုတ်ဖော်ပြောကြား သည်။
“ကျွန်ုပ်တို့အနေနှင့် တောင်အာရှဒေသတွင်း ငြိမ်းချမ်းရေး၊ ကြီးပွားတိုးတက်ရေးနဲ့ ချမ်းသာကြွယ်ဝရေးအတွက် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ လက်တွဲလုပ်ကိုင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက Twitter အကောင့်တွင် ရေးသားဖော်ပြသည်။
Credit: Reuters