သတင်း

တပ်က အမှုဖွင့်ထားသော ဧရာဝတီအယ်ဒီတာကို အာမခံဖြင့်လွှတ်

ဧရာဝတီသတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်နှင့် ပတ်သက်ပြီး အမှုဖွင့်ခံထားရသည့် အယ်ဒီတာတစ်ဦးကို ရန်ကုန်၊ ကျောက်တံတားမြို့နယ် ရဲစခန်းက ယနေ့ ခေါ်ယူစစ်ဆေးပြီး အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဖြစ်ပွားသော တိုက်ပွဲနှင့် ပတ်သက်ပြီး ဧပြီ ၅ ရက်နေ့ ရက်စွဲတပ် “သတင်းထောက်တဦး၏ မြောက်ဦးမှတ်တမ်း” ဆောင်းပါးပါ ဖော်ပြချက်သည် တစ်ဖက်သတ်ဆန်ဆန် ရေးသားထားကြောင်း စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးဇော်မင်းထွန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်သည်ဟု သိရကြောင်း ဧရာဝတီ သတင်းဌာန မြန်မာပိုင်း အယ်ဒီတာ ရဲနည်က ပြောသည်။

မတ် ၁၈ ရက်နေ့က ဧရာဝတီသတင်းထောက် တစ်ဦး မြောက်ဦးသို့ ရောက်စဉ် ကြုံတွေ့ကြားသိရသည့် ပစ်ခတ်မှု အခြေအနေအကြောင်း   ရေးသားထားပုံကို ထိုဆောင်းပါးတွင် တွေ့ရသည်။ ၎င်းကြုံတွေ့ ကြားသိရသည့် အချက်အလက်များအရ ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်များမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲကြောင်း ဖော်ပြထားသည်။

၇ နာရီ ၂၀ မိနစ်ခန့် ရောက်သောအခါ ဒေသခံများထံမှ ကြောက်မက်ဖွယ်ရာ သတင်းစကားတစ်ခု စာရေးသူထံ ရောက်လာခဲ့သည်။ မြန်မာ့တပ်မတော် ယာဉ်တန်းတစ်ခုသည် မြို့အတွင်း ဝင်ရောက်လာကတည်းက စတင် ပစ်ခတ်နေသည်ဟူသော သတင်းပင်ဖြစ်သည်။ မိနစ်အနည်းငယ် ကြာသောအခါတွင် ကျယ်လောင်လှသော သေနတ်သံ၊ အမြောက်သံများကို ကြားရသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

အမှုဖွင့်သည့် တပ်မတော်က စွပ်စွဲသကဲ့သို့ပင် ထိုဆောင်းပါးတွင် တပ်မတော်ဘက်မှ ပြောကြားချက်ကို ထည့်သွင်းဖော်ပြခြင်း မရှိကြောင်း တွေ့ရသည်။

သတင်းထောက်ကိုယ်တိုင် တွေ့မြင် ကြားသိရချက်ကို ရေးသားခြင်းဖြစ်၍ တပ်ဘက်မှ အသံကို မဖော်ပြခဲ့ကြောင်း ယနေ့ ရဲစခန်းမှ အထွက်တွင် ရဲနည်က မီဒီယာများကို ပြောသည်။

လွတ်လပ်တဲ့ သတင်းဌာန ဖြစ်တဲ့အတွက်ကြောင့် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ဝါဒဖြန့်ချိရေး ယန္တရား မဟုတ်ခဲ့ပါဘူးဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုဆောင်းပါးသည် မျှတမှု ရှိပြီး သတင်းမီဒီယာ ကျင့်ဝတ်နှင့် ညီကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို ကြားဝင် ညှိုနှိုင်းဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း ၎င်းက ဆက်ပြောသည်။ 

စာနယ်ဇင်းတွင် ဖော်ပြသည့် သတင်းဆောင်းပါးသည် မျှတရမည်ဟု သတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

အတွေးအမြင် ဆောင်းပါး မဟုတ်တဲ့အတွက် သတင်းအနေနဲ့ ဆိုရင်တော့ သတင်းအဂါရပ်တွေ ဖြစ်တဲ့ မျှတဖို့ အတွက် တစ်ဖက်ရဲ့ အမြင် တစ်ဖက်ရဲ့ခုခံ ပြောဆိုမှုပဲ ဖြစ်ဖြစ်၊ ချေပချက်ပဲ ဖြစ်ဖြစ် အဲဒါတွေ ထည့်သွင်းဖို့တော့ လိုအပ်တယ်ပေါ့။ ဒါလည်း ကျွန်တော့် တစ်ဦးချင်း အမြင် ဖြစ်ပါတယ်ဟု ၎င်းက မှတ်ချက်ပြုသည်။

ဧရာဝတီ သတင်းဌာန အယ်ဒီတာတစ်ဦးကို အမှုဖွင့်ရခြင်းနှင့် ပတ်သက်၍ တပ်မတော်၏ မီဒီယာပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းရန် တယ်လီဖုန်း အဆက်အသွယ် မရသေးပေ။

ဧရာဝတီသတင်းဌာနက ဖော်ပြသော သတင်းတစ်ပုဒ်တွင်မူ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ တုံ့ပြန်ချက်ကို ဖော်ပြထားသည်။

 “သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒါက ဒီလိုမျိုး ဖြစ်တယ်ဆိုတာကို ရှင်းလင်းသွားတယ်ဆိုတာမျိုး ပါရင်လည်း တော်သေးတာပေါ့။ ပညာသားပါပါ ရသဆောင်းပါးလိုလို ဘာလိုလိုနဲ့ တစ်ဖက်သတ်ရေးသွားတာ။ ဘယ်လိုမှ မမျှတဘူး။ စဉ်းစားကြည့်ဦး။ တစ်ဖက်ကို တော်တော်နှိပ်ကွပ်ပြီး ရေးထားတာဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီကို ပြောသည်။

ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော အသံ (လွတ်လပ်စွာထုတ်ဖော်ပြောဆို လှုပ်ရှားမှုအဖွဲ့) ၏ ဧပြီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရား စွဲဆိုထားမှု ၂၃ မှု ရှိနေပြီး တရားရင်ဆိုင်နေရသော သတင်းသမား ၃၁ ဦး ရှိနေကြောင်း သိရသည်။

တပ်မတော်အား ဝေဖန်မှုကြောင့် တပ်မတော်အရာရှိများက တိုက်ရိုက်တရားစွဲဆိုထားသောအမှု ၉မှု၊ ကြားလူများက တိုက်ရိုက်စွဲဆိုမှု ၅ မှု ရှိကြောင်း အသံအဖွဲ့က ဆိုသည်။

 

Show More

Related Articles

Back to top button