ဆောင်းပါးရွေးကောက်ပွဲ

လွှတ်တော်ထဲကို မွတ်စလင်အမတ်တွေ ရောက်လာမလား

ရန်ကုန် – ၂၅ နှစ်တာကာလအတွင်းမှာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်လို့ မျှော်လင့်ထားကြတဲ့ ပထမဆုံးသော ရွေးကောက်ပွဲအတွက် မြန်မာပြည်သူပြည်သားတွေဟာ နိုဝင်ဘာ ၈ ရက်မှာ မဲရုံတွေကို သွားကြပါတော့မယ်။ ဒါ ပေမယ့် မွတ်စလင်အသိုင်းအဝိုင်းကို ခွဲခြားဆက်ဆံတာတွေ ရှိနေတဲ့အတွက် ဒီရွေးကောက်ပွဲ ဘယ်လောက်အထိ ဒီမိုကရေစီနည်းလမ်းကျမလဲဆိုတာ ပြည်တွင်းနဲ့ နိုင်ငံတကာလေ့လာသူတွေ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိန်းဂဏန်းတွေအရ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် လောင်း ၆,ဝဝဝ ကျော်အနက် အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး အစ္စလာမ်ဘာသာဝင် ၂၈ ဦးသာ ပါဝင်တဲ့အတွက် ရာခိုင်နှုန်းအရ တွက်ရင် ဝ ဒသမ ၅ ရာခိုင်နှုန်းပဲရှိတာ တွေ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်က ၅ ရာခိုင်နှုန်းပဲ ရှိတာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားတဲ့ ကိုယ်စားလှယ်တွေအနက် ပယ်ချခဲ့သူ ၁ဝဝ ကျော်ရှိတဲ့ အထဲမှာ အများစုက မွတ်စလင်တွေပါပဲ။ သူတို့တွေ မြန်မာနိုင်ငံမှာ မွေးဖွားစဉ်က သူတို့ မိဘတွေဟာ မြန်မာနိုင်ငံသားမဟုတ်လို့ ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။ ဒီဥပဒေအရ ကိုယ်စားလှယ်လောင်း ဖြစ်ခွင့်ရှိသူတစ်ယောက်ဟာ မွေးဖွားစဉ်ကတည်းက သူ့မိဘနှစ်ပါးလုံး နိုင်ငံသားဖြစ်နေရပါမယ်။

ဒီဆုံးဖြတ်ချက်အပေါ် လူ့အခွင့်အရေးအုပ်စုတွေနဲ့ လေ့လာသူတွေက စိုးရိမ်ခဲ့ပြီး ဒေသတွင်းနိုင်ငံများရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့  ဒီဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ သတိပေးကြပါ တယ်။

“ဘယ်နိုင်ငံမှာမဆို လွှတ်တော်ကိုယ်စားလှယ်လောင်း အလွှာလိုက် ကွက်ပြီးပယ်ချရင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်း မကျဘူးလို့ သတ်မှတ်ပါတယ်” လို့ မလေးရှားလွှတ်တော်အမတ်လည်းဖြစ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ချားလ်စ်ဆန်တီဂို စက်တင်ဘာလအတွင်း ထုတ်ပြန်လိုက်တဲ့ ကြေညာချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာတဲ့ ခုအချိန်မှာ  မြန်မာနိုင်ငံအတွင်း ဘာသာရေးတင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီတင်းမာမှုတွေ ဖြစ်လာရတာဟာ အင်အားကြီးအဖွဲ့အစည်းတစ်ရပ် ဖြစ်လာတဲ့ မဘသလို့ခေါ်တဲ့ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကြောင့်လည်း ပါပါတယ်။

“ကျွန်တော်တို့ဟာ အားကိုးရာမဲ့တဲ့ နိုင်ငံထဲမှာ နေနေရတာပါ။ ဆုံးဖြတ်ချက်တွေကို လူမျိုးရေး၊ ဘာသာရေးရှုထောင့်ကနေ တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်” လို့ မွတ်စလင်တစ်ဦးဖြစ်သူ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။

သူ့ပါတီက ကိုယ်စားလှယ် ၁၈ ဦး လျှောက်လွှာတင်ရာမှာ  ရွေးကောက်ပွဲကော်မရှင်က ၃ ဦးကိုပဲ ခွင့်ပြုခဲ့ပါတယ်။ သူ့ပါတီက ရွေးချယ်တဲ့ မဲဆန္ဒနယ်အများစုဟာ ရခိုင်ပြည်နယ်မှာ ရှိပြီး အဲဒီဒေသမှာ နေထိုင်တဲ့ မွတ်စလင်အများအပြားဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ကြပေမယ့် အစိုးရကတော့ သူတို့ကို ဘင်္ဂါလီလို့ ခေါ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၆,ဝ၇၄ ဦးကို လေ့လာကြည့်ရင် ဗုဒ္ဓဘာသာဝင် ၅,၁၃ဝ၊ ခရစ်ယာန်ဘာသာဝင် ၉ဝ၃ ဦးနဲ့ အစ္စလာမ်ဘာသာဝင် ၂၈ ဦးတို့ ဖြစ်ကြတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲဝင်ကြမယ့် မွတ်စလင်အမတ်လောင်း အရေအတွက် နည်းပါးရုံသာမကပါဘူး၊ သူတို့ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေဟာလည်း လူသိနည်းတာကြောင့် ရွေးကောက်ပွဲနိုင်ဖို့ အခွင့်အလမ်း နည်းပါးနေတာပါ။

မွတ်စလင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးမျိုးသန့်ကတော့ ဒီရွေးကောက်ပွဲဟာ အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ရဲ့ လွှမ်းမိုးမှုခံထားရတယ်လို့ မှတ်ချက်ပေးပြီး  ဒီရွေးကောက်ပွဲကို မဝင်ဖို့  ဆုံးဖြတ်ထားပါတယ်။

“လွှတ်တော်ထဲမှာ မွတ်စလင်အမတ် လုံးဝမရှိမယ့် အခြေအနေ များနေပါတယ်။ အားလုံးက မဘသရဲ့ အလိုကျအတိုင်း ဖြစ်နေတယ်” လို့ ဦးမျိုးသန့်က ပြောပါတယ်။

မွတ်စလင်တွေ အင်အားကြီးပါတီတွေမှာ မပါဝင်

မဘသ ငြိုငြင်မှာစိုးတယ်လို့ ယူဆရမယ့် အနေအထားမှာ အင်အားကြီးပါတီတွေ ရွေးချယ်လိုက်တဲ့ အမတ်လောင်းတွေ ထဲမှာလည်း မွတ်စလင်တွေ မပါပါဘူး။

မဘသ ဘုန်းကြီးတချို့က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ အစ္စလာမ်ဘာသာကို ထောက်ခံတဲ့ပါတီဖြစ်တယ်လို့ လူသိရှင်ကြား ရှုတ်ချပြီး ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သူတို့ကို မဲမပေးဖို့ တိုက်တွန်းပါတယ်။

ဒီအဖွဲ့ရဲ့ကြီးထွားလာတဲ့ ဖိအားတွေကြောင့် NLD နဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ဟာ မွတ်စလင်တွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် မရွေးချယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ဝေဖန်မှုတွေကို ရှောင်ရှားဖို့ NLD အနေနဲ့ မွတ်စလင်တွေကို ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်မထားဘူးလို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်  ဦးဝင်းထိန်က ပြောပါတယ်။

“ကျွန်တော်တို့ ပါတီဝင် မွတ်စလင်တွေက လက်ရှိအခြေအနေတွေအပေါ်မှာ အများကြီး နားလည်မှုရှိပါတယ်” လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်း ထူထောင်ခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ နှစ်ဦးက မွတ်စလင်တွေ ဖြစ်ပါတယ်။ သူတို့ကလွဲလို့ ကျန်တဲ့မွတ်စလင်ကိုယ်စားလှယ်လောင်းတွေဟာ လူသိနည်းတဲ့ ရန်ကုန်အခြေစိုက် မွတ်စလင်နိုင်ငံရေးပါတီတွေက ဖြစ်ပါတယ်။

အင်အားကြီးပါတီတွေဟာ  မွတ်စလင်တွေကို ရှောင်ကြခြင်းဟာ ရွေးကောက်ပွဲမှာ ရှုံးမှာစိုးတဲ့အပြင် မွတ်စလင်တွေ ပါတီမှာ ပါဝင်မှာစိုးရိမ်တဲ့အတွက် ဖြစ်တယ်လို့ ဦးကျော်မင်းက ပြောပါတယ်။

“အဲဒီတော့ မွတ်စလင်တွေအနေနဲ့ သူတို့ အသိုင်းအဝိုင်းကို ကိုယ်စားပြုနိုင်ခွင့် ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးမှာပါ။ ဒါဟာ မွတ်စလင်တွေ ဒီနိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်ကို ထိခိုက်စေပါတယ်” လို့ သူက ပြောပါတယ်။

သူ့ပါတီက မွတ်စလင်ကိုယ်စားလှယ်အနည်းငယ်နဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့မှာလည်း မွတ်စလင်ကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ရွေးကောက်ပွဲကော်မရှင်က သူ့ကို သူ့ပါတီရဲ့တခြားသော ကိုယ်စားလှယ်လောင်းတွေလိုပဲ ပယ်ချလိုက်ပါတယ်။ သူဟာ စစ်အစိုးရ ကျင်းပပေးခဲ့တဲ့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ  ရွေးကောက်ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

မဲပေးခွင့် ဆုံးရှုံးသူ မွတ်စလင်များ

ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေက ဝှိုက်ကတ် လို့ လူသိများတဲ့ ယာယီသက်သေခံကတ်ပြားကို ပယ်ဖျက်လိုက်တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ မဲပေးခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ရခိုင်ပြည်က မွတ်စလင်တွေဟာ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေမှာ ဒီဝှိုက်ကတ်တွေပြပြီး မဲပေးခဲ့တာပါ။ အခုလို ပယ်ဖျက်တဲ့အတွက် သူတို့ရဲ့ မဲပေးခွင့် ဆုံးရှုံးတော့မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားပါတယ်။

“ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေ အခုလို မဲပေးခွင့်မရတာနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အများကြီး စိတ်မကောင်းဖြစ်ရပါတယ်” လို့ သူက ပြီးခဲ့တဲ့လကုန်ပိုင်းလောက်မှာ ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ Carter Center ရဲ့ စက်တင်ဘာ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ “မွတ်စလင် ကိုယ်စားလှယ်လောင်းအများစုကို ရွေးကောက်ပွဲ ဝင်ရောက်ခွင့် ပယ်ချလိုက်ခြင်းကြောင့် ရိုဟင်ဂျာတို့၏ ကိုယ်စားပြုခွင့် ပိုပြီး နည်းပါးသွားမည်ဖြစ်သည်။ ယခင်က ဝှိုက်ကတ် ကိုင်ဆောင်ခဲ့သော ရိုဟင်ဂျာတို့ မဲပေးခွင့်သည် ကတ်များကို  ဖျက်သိမ်းလိုက်သည့်အတွက် ဆုံးရှုံးပြီးသား ဖြစ်နေသည်” လို့ ဖော်ပြထားပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုတော့ ဗုဒ္ဓဘာသာဝင် လွှတ်တော်ကိုယ်စားလှယ်တွေက လွှမ်းမိုးထားတာပါ။ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေထဲ မွတ်စလင်ဆိုလို့  ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်တောမြို့တွေကို ကိုယ်စားပြုတဲ့  လွှတ်တော်ကိုယ်စားလှယ် သုံးဦးပဲ ရှိပါတယ်။ သူတို့အနေနဲ့ အရေအတွက် နည်းပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း လွှတ်တော်အစည်းအဝေး ၁၂ ကြိမ် ကျင်းပခဲ့တဲ့အနက် ၁၁ ကြိမ်မှာ မေးခွန်းတွေ မေးမြန်းခဲ့တာကြောင့် အခြားလွှတ်တော်ကိုယ်စားလှယ်တွေထက် မေးခွန်းပိုထုတ်ခဲ့တာကို Myanmar Now ရဲ့ လွှတ်တော်ဆိုင်ရာ ချက်အလက်များ လေ့လာဆန်းစစ်ချက်အရ တွေ့ရှိရပါတယ်။

မေးခွန်းအများစုဟာ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီတွေနဲ့ပတ်သက်တဲ့ နိုင်ငံသားလျှောက်ထားခွင့်နဲ့ အခြားလူ့အခွင့်အရေး ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလွှတ်တော်ကိုယ်စားလှယ် သုံးဦးစလုံး လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

သူတို့တွေထဲက နှစ်ဦးက ရွေးကောက်ပွဲဝင်ရေးအစီအစဉ်ကို စွန့်လွှတ်လိုက်ပေမယ့် ဘူးသီးတောင်မြို့နယ်အမတ် ဦးရွှေမောင်ကတော့ ပြည်ခိုင်ဖြိုးပါတီကနေ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလလွှတ်တော်အမတ်အနေနဲ့ ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ပါတယ်။ လျှောက်ထားပေမယ့် အခြားမွတ်စလင်ကိုယ်စားလှယ်တွေလိုပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပယ်ချမှု ခံရပါတယ်။

“ကျွန်တော်သာ ခြွင်းချက်အနေနဲ့ အပယ်မခံရင် သိပ်ကောင်းမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက အခြားမွတ်စလင်တွေလိုပဲ ရိုဟင်ဂျာတွေကို နိုင်ငံရေးမှာ မပါဝင်ဖို့ ခွဲခြား သတ်မှတ်ခံခဲ့ရပါတယ်။ လူမျိုးရေး၊ ဘာသာရေးကြောင့် အခုလိုဖြစ်ရတယ်လို့ ထင်ပါတယ်” လို့ ဦးရွှေမောင်က ပြောဆိုကြောင်း စက်တင်ဘာလအတွင်း APHR က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

မွတ်စလင်တစ်ဦးဖြစ်သူ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုးကတော့  ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရရေးအတွက် မျှော်လင့်ချက် နည်းပါးကြောင်း သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဝင်ပြိုင်မယ့် မွတ်စလင်လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦးအနက် နှစ်ဦးက သူ့ပါတီက ဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်မှာရဖို့တော့ မလွယ်လောက်ဘူး ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက လူမျိုးရေးခွဲခြားလို့ပါ။ ရန်ကုန်မှာ တစ်ယောက်လောက် အနိုင်ရအောင်တော့ ကြိုးစားသွားမှာပါ” လို့ ပြည်သူ့လွှတ်တော်အတွက် ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးလှတိုးက ပြောပါတယ်။     ။

Related Articles

Back to top button