စီးပွားရေး

ရုပ်ရှင်ရုံ ငှားရမ်းခများ ပေါက်ဈေးအတိုင်း ဖြစ်ရန် စီစဉ်နေ

နိုင်ငံပိုင်ရုပ်ရှင်ရုံ ငှားရမ်းခများ ကာလ ပေါက်ဈေး အတိုင်း ဖြစ်စေရန် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့များနှင့် ဆွေးနွေးနေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန အရာရှိကြီးတစ်ဦးက ပြောသည်။

ပေါက်ဈေး အတိုင်း စာချုပ်များ ပြောင်းလဲ ချုပ်ဆိုသွားမည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က ဆိုသည်။

“စာချုပ်မှာရေးထားတဲ့ အတိုင်းပါပဲ၊ ကျေနပ်ဖွယ်ရှိပါက လုပ်ငန်းကို ဆက်လက်ပြီး ဆောင်ရွက်မည်ပေါ့။ ဒါဆို ကျေနပ်ဖွယ်ရှိပါတယ် ဆိုတဲ့ အချက်တွေက ဘာတွေလဲပေါ့။ ကျွန်မတို့က အားလုံးကို တိတိကျကျ လုပ်သွားဖို့ရှိပါတယ်” ဟု ဒေါ်သီတာတင်က Myanmar Now  ကို ပြောသည်။

 “အရင်တုန်းက သိန်း၂၀ ဆိုရင် အခု သိန်း ၁၀၀ ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ ကာလပေါက်ဈေးအတိုင်းပေါ့”

မဖြစ်နိုင်သည့် ဈေးနှုန်း နှစ် ၂ဝ ကြာခဲ့

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွေ့ရှိချက်အစီရင်ခံစာတွင် ဖော်ပြထားချက်အရဆိုလျှင် ရှေ့ဆောင်၊ နေပြည်တော်၊ သမ္မတ၊ သွင်  စသည့် ရန်ကုန်မှ အထင်ကရ ရုပ်ရှင်ရုံများ၏ ငှားရမ်းခများမှာ ကာလပေါက်ဈေးထက်  အလွန်အမင်း နည်းပါးနေသည်။

ထိုရုပ်ရှင်ရုံ ၄ ရုံကို မင်္ဂလာကုမ္ပဏီလီမိတက်က တပ်မတော်အစိုးရခေတ်ကာလကတည်းက လုပ်ပိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

၂ဝဝ၂ တွင် ရှေ့ဆောင်ရုံကို တစ်လ ငှားရမ်းခ ၁၇ သိန်းကျော်၊ နေပြည်တော်ရုံကို ၁၅ သိန်းကျော်ဖြင့် ငှားရမ်းခဲ့သည်။

၁၉၉၆ တွင် သမ္မတရုံကို  ၁၇ သိန်းကျော်၊ ၂၀၀၁ တွင် သွင်ရုံကို  ၉ သိန်းကျော်ဖြင့် လုပ်ငန်းရှင်လက်သို့ ထည့်ခဲ့သည်။

ရန်ကုန်တိုင်းအစိုးရ စာရင်းစစ်ချုပ်၏   အစီရင်ခံစာပါ   နှုန်းထားများအကြောင်း ကြားသိရသည့် ရုပ်ရှင်လောကသားတချို့၊ ရုပ်ရှင်ကြည့်ပရိသတ်တချို့က ပြင်းပြင်းထန်ထန်ဝေဖန်ကြသည်။

၂၀၁၇  ဖေဖော်ဝါရီတွင် ပြန်ဆက်ဌာနနှင့် မင်္ဂလာ ကုမ္ပဏီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် တိုင်းအစိုးရ သတ်မှတ်ပေးသည့် နှုန်းထားအသစ်အတိုင်း ထိုနှစ် ဇူလိုင်လတွင် ပြောင်းလဲကောက်ခံခဲ့သည်။

နှုန်းထားသစ်မှာ ရှေ့ဆောင် ၃၅ သိန်း၊ နေပြည်တော် ၃၂ သိန်း၊ သမ္မတ ၅၂ သိန်း၊ သွင် သိန်း ၂၀ တို့ဖြစ်သည်။

လစဉ် ငှားရမ်းခ ထိုသို့ ပြောင်းလဲသော်လည်း ပြင်ပပေါက်ဈေးနှင့် မနီးစပ်သေးကြောင်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင်  ဝေဖန်ခဲ့ကြသည်။

တိုင်းလွှတ်တော် အကြံပြုချက်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က  ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနနှင့် ယခင်လက တွေ့ဆုံစဉ် ရုံငှားခ ပေါက်ဈေးရရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ လက်ထက်မှာ ပြန်တိုးဖို့ ကြိုးစားပေမဲ့ မူရင်းစာချုပ်ကို ကျော်လို့ မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ကော်မတီက အဲဒါကို စာချုပ်အသစ် ချုပ်ဆိုပြီးတော့ ဆတိုးနဲ့ ကောက်ပါလို့ အကြံပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

ရုပ်ရှင်ရုံများကို တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဝေဖန်လိုက်သည်။

ရုပ်ရှင်ရုံများတွင် မူလ ရင်းနှီးမြှုပ်နှံထားသည်များရှိလျှင် ထိုငွေကြေးတန်ဖိုးကို တန်ဖိုးဖြတ်ပြီး တင်ဒါအောင်သည့် ကုမ္ပဏီက ပြန်အမ်းသည့် စနစ် ကျင့်သုံးသင့်ကြောင်း ၎င်းက အကြံပြုသည်။

“ဒါမှမဟုတ်ရင် သူတို့ကိုပဲ တစ်သက်လုံး ပေးထားရမယ် ဆိုတာကတော့ သဘာဝ မကျဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

Show More

Related Articles

Back to top button