
နေပြည်တော် – အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်မည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA မှ ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော် NRPC တွင် ယနေ့(မတ် ၂၁)မနက် ၁၀ နာရီမှစ၍ ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲရလဒ်အပေါ် ၎င်းက အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။
“နိုင်ငံရေးအရ အဖြေရှာတဲ့အခါမှာ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးရေးက သိပ်ပြီးတော့ အရေးပါပါတယ်၊ အကျိုးလည်း ရှိမယ်လို့ မျှော်လင့်တယ် ” ဟု KIO/KIA ဗဟိုကော်ဝင် ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။
အစိုးရနှင့် KIA တို့သည့် တရားဝင်၊ အလွတ်သဘောတွေ့ဆုံမှုများ မကြာခဏ ပြုလုပ်လေ့ရှိပြီး ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့၌ NRPC နှင့် အလွတ်သဘော တစ်ကြိမ် တွေ့ဆုံခဲ့သေးသည်။
ဆွေးနွေးပွဲသို့ ‘ဝ’ လက်နက်ကိုင်အဖွဲ့ UWSP/UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်များဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA၊ တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNTJP/MNDAA၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ PSC/NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/ AA တို့အပြင် FPNCC အဖွဲ့ဝင်မဟုတ်သည့် ကရင်နီတိုးတက်ရေးပါတီ KNPP မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထိုအဖွဲ့များမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်မထိုးရသေးပေ။
KIO/KIA ဘက်မှ ဗိုလ်မှူးကြီး ခွန်နောင်အပါအဝင် ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ပြီး နှစ်ဖက်သဘောတူ Bilatral ရေးထိုးနိုင်ရေးကိစ္စနှင့် စစ်ရှောင်များ နေရပ်ပြန်ရေးကိစ္စတို့ကို အဓိကထား ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးကလည်း NRPC နှင့် အပစ်ရပ် လက်မှတ်မထိုးရသေးသော လက်နက်ကိုင် ၈ ဖွဲ့တို့ တွေ့ဆုံမှုသည် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ရှေ့ဆက် လုပ်ငန်းစဉ်များအတွက် ခြေလှမ်းကောင်း ဖြစ်ကြောင်းနှင့် KIO/KIA အဖွဲ့နှင့် ဧပြီလဆန်းတွင် ပြန်လည်တွေ့ဆုံရန် စီစဉ်ထားကြောင်း ပြောသည်။
လက်နက်ကိုင် ၈ ဖွဲ့လုံးနှင့် ၂ လတစ်ကြိမ် ပုံမှန်တွေ့ဆုံရန်လည်း အစိုးရဘက်က အဆိုပြုထားသည်ဟု သိရသည်။
ဆွေးနွေးပွဲပြီးသည့်နောက် ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ကြိုးပမ်းကြရေး ဆိုသည့်အချက် အပါအဝင် အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။