
ကချင်ပြည်နယ်မှာ ကချင်မျိုးနွယ်စုတွေအပြင် တိုင်းလိုင်(ရှမ်းနီ)၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စတဲ့ ရှမ်းမျိုးနွယ်စု ငါးခု နေထိုင်ကြပါတယ်။
မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း ဒေသတွေမှာ တိုင်းလိုင် ၅ သိန်းကျော်ခန့် ရှိနိုင်တယ်လို့ တိုင်းလိုင်(ရှမ်းနီ) စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ခန့်မှန်းထားတာဖြစ်ပါတယ်။
KIA နဲ့ တပ်မတော် ၁၉၉၄ ကနေ ၂ဝ၁၁ အထိ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ကြပြီး နောက်ပိုင်းဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုတွေမှာ ရှမ်းနီအများစုပါဝင်တဲ့ ဌာနေပြည်သူ့စစ်တွေနဲ့ KIAတို့ တိုက်ခိုက်တာတွေ ဆယ်ကြိမ်ထက်မနည်း ပေါ်ပေါက်ခဲ့တာပါ။
ဒီလိုဖြစ်စဉ်တွေရှိနေပေမယ့် လက်ကိုင်မဟုတ်တဲ့ဌာနေ ကချင်နဲ့ရှမ်းပြည်သူတွေကြားမှာ အေးအေးချမ်းချမ်း နေထိုင်ကြတယ်လို့ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဒေါ်ခင်ပြုံးရည်က ပြောပါတယ်။
ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေ သွေးကွဲလာအောင်လုပ်ဆောင်ကာ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်လိုသူတွေ ရှိတတ်ကြပေမယ့် ကာလတိုအတွင်းသာဖြစ်တယ်လို့ သုံးသပ်နေတာတွေလည်း ရှိပါတယ်။
၂ဝ၁၆ ခုနှစ်က ရှမ်းအများစုပါဝင်တဲ့ ကိုယ်စားလှယ် ၇ ဦးက KIA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လူမျိုးစုတွေကြားက ပဋိပက္ခ လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတွေ ရင်ကြားစေ့ရေးကို ကြိုးပမ်းလုပ်ဆောင်လာတဲ့ ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
ကချင်ပြည်နယ်က ကာလရှည်ကြာနေတဲ့ ပဋိပက္ခတွေဟာ မြန်မာကသာမက ကမ္ဘာကပါ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ သောင်တင်ပြီး မျှော်လင့်ချက်မဲ့နေတဲ့ ပြည်သူတွေကလည်း ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေး၊ မူလနေထိုင်ရာ ဒေသတွေကို ပြန်နိုင်ရေး စတာတွေကို မျှော်လင့်နေကြပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/QFdqzzylFE0]