သတင်း

အိဒ်နေ့တွင် နွားသတ်မှု ပိတ်ပင်ရန် အစိုးရကို မဘသ ဖိအားပေး

သောကြာနေ့တွင် ကျရောက်မည့် အစ္စလာမ်ဘာသာဝင်တို့၏အိဒ်နေ့တွင် ကျွဲနွားများ သတ်ဖြတ်ပြီး အလှူမလုပ်ရန် ဒေသဆိုင်ရာအာဏာပိုင်တို့ကို တောင်းဆိုထားကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင် ရဟန်းတစ်ပါးက မိန့်ကြားသည်။ သို့သော်လည်း အာဏာပိုင်တို့ထံမှ တားမြစ်မိန့် ထွက်ပေါ်လာခြင်း မရှိသေးပေ။

အိဒ်နေ့ ပွဲတော်ကာလ “နွားများကို သတ်ဖြတ်ညှဉ်းပန်းခြင်းမှ ကာကွယ်စောင့်ရှောက်ပေးသော ဥပဒေများ” ထုတ်ပေးရန် မန္တလေးနှင့် မိတ္ထီလာမြို့အာဏာပိုင်တို့ကို စာရေးသားပေးပို့ တောင်းဆိုထားကြောင်း နာမည်ကျော် မဘသ ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူက မိန့်ကြားသည်။

သမိုင်းဝင် နိုဝင်ဘာ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဘာသာရေးအရ တင်းမာမှုများ ကြီးထွားလျက်ရှိသည်။ အိဒ်နေ့အစီအစဉ်ကို မထင်မရှား ကျင်းပသွားကြမည်ဟု ယူဆကြောင်း မွတ်စလင်ခေါင်းဆောင်များက ပြောသည်။

မဘသ၏ တောင်းဆိုစာကို  မန္တလေးတိုင်းဒေသကြီးအစိုးရသို့ ပို့ထားပြီး၊ လွန်ခဲ့သည့် ၂ နှစ်က မွတ်စလင် အများအပြား သတ်ဖြတ်ခံထားရသည့် မိတ္ထီလာမြို့ရှိ အာဏာပိုင်များထံလည်း ပို့ထားသည်ဟု သိရသည်။

“ဆင်းရဲသားတွေကို အလှူပေးတာ တိရစ္ဆာန်တွေကို မသတ်လည်း ပေးလို့မရဘူးလား။ ဘာသာတရားနဲ့ သတ်ဖြတ်ခြင်းက လုံး ၀ မအပ်ဆက်တာကြောင့် ဦးဇင်းတို့က တားမြစ်တာ” ဟု ဦးဝီရသူက မိန့်ကြားသည်။

သို့သော်လည်း အိဒ်နေ့ ကျွဲနွားသတ်ဖြတ်မှု ပိတ်ပင်သည့် အမိန့်ကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးကြောင်း မန္တလေးမှ မွတ်စလင်တို့က ပြောသည်။

“ဒီမှာတော့ ပြဿနာ မရှိပါဘူး” ဟု အိဒ်နေ့တွင် နွားတစ်ကောင် ပေါ်ရန် ငွေစုထားသည့် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်မှ ဦးတင်ဌေးက ပြောသည်။

မဘသ ဆရာတော်များက ဖိအားပေးနေချိန်တွင် မိတ္ထီလာမြို့ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တို့ စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲရလဒ်မှာ  မိတ္ထီလာနှင့် ၁၄ မိုင်ကွာဝေးသော ပျော်ဘွယ်မြို့တွင် အိဒ်နေ့ နွားပေါ်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု မိတ္ထီလာမှ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဆန်းဝင်းရှိန်က ပြောသည်။

“ပျော်ဘွယ်က မြို့နယ်အုပ်ချုပ်ရေးနဲ့တော့ အစ္စလာမ်ခေါင်းဆောင်တွေ ဆွေးနွေးနေတုန်းပဲ။ အဖြေတော့ မသိသေးဘူး။ အရင်နှစ်တွေထက် ပိုပြီးထူးခြားကန့်သတ်တာမျိုးတော့ မရှိသေးပါဘူး” ဟု သူက ဆိုသည်။

ရန်ကုန်တွင်မူ ဆင်ခြေဖုံးမြို့နယ်များတွင် စည်ပင်သာယာဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း နွားပေါ်မည်ဟု ထင်ရှားသည့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးအေးလွင်က  ပြောသည်။

မွတ်စလင်များ ရန်ကုန်မြို့အတွင်း နွားသတ်ခြင်း မပြုလုပ်နိုင်သောကြောင့် အမဲသားကို သပ်သပ်ရပ်ရပ်ထုပ်ပိုးပြီး မြို့တွင်းသို့ ကားဖြင့် သယ်လာကြလိမ့်မည်ဟု သူက ရှင်းပြသည်။ 

Show More

Related Articles

Back to top button