ရန်ကုန် – ရွေးကောက်ပွဲကော်မရှင်က သောကြာနေ့ခင်းပိုင်း ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ တရားဝင်ရလဒ်အရ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့သောကြောင့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပြီဖြစ်သည်။
အများစု နိုင်သောကြောင့် NLD က ဖေဖော်ဝါရီလတွင် စတင်မည့် လွှတ်တော်သစ်တွင် ပါတီက အဆိုပြုသည့် သမ္မတကို ရွေးချယ်တင်မြှောက်ခွင့် ရတော့မည် ဖြစ်သည်။
ကော်မရှင်က မဲရလဒ်များကို အပိုင်းလိုက်ခွဲပြီး ထုတ်ပြန်ခဲ့ရာ နောက်ဆုံးထုတ်ပြန်ချက်အရ NLD သည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှစ်ရပ်အတွက် စုစုပေါင်း အမတ်နေရာ ၃၄၈ နေရာ ရရှိသွားကြောင်း ကော်မရှင်၏ အသုတ်လိုက် ထုတ်ပြန်ချက်များအရ သိရှိရသည်။
NLD ကလွှတ်တော်တွင် ၅၁ ရာခိုင်နှုန်း နေရာရရန်အတွက် အမတ်နေရာ ၃၂၉ နေရာ သို့မဟုတ် စုစုပေါင်းအရေအတွက်၏ သုံးပုံနှစ်ပုံ အနိုင်ရရန် လိုအပ်သည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် စုစုပေါင်း ကိုယ်စားလှယ်အရေအတွက် ၄ဝ နေရာသာ အနိုင်ရထားသည်။
တိုင်းရင်းသားပါတီအများအနေဖြင့်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ၄၂ နေရာသာ ရရှိထားသည်။
NLD ယခုကဲ့သို့ အနိုင်ရခြင်းသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေးအတွက် ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်မှုကြောင့်ပင် ဖြစ်သည်။
အလားအလာအခွင့်အလမ်း များစွာရှိသည့် မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုစနစ်အောက်တွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်းသို့ ရောက်ရှိသွားခဲ့သည်။