ရန်ကုန် – ကိုယ်ပိုင်အထက်တန်းကျောင်း လုပ်ငန်းကို စီးပွားရေးသမားများကသာ လုပ်ကိုင်နေကြသော်လည်း ရန်ကုန်တွင် ယခုနောက်ဆုံး ပေါ်ပေါက်လာသည့် ကိုယ်ပိုင် အထက်တန်းကျောင်းတစ်ခုကို တည်ထောင်သူတို့မှာ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(မဘသ) မှ ဦးဆောင် ဆရာတော်များ ဖြစ်သည်။
ရန်ကုန်မြို့လယ်မှ ကားဖြင့်သွားလျှင် ၃ နာရီကျော်မျှ ကြာမည့် လှည်းကူးမြို့နယ်အတွင်း စိုက်ပျိုးရေးခြံများ ပတ်လည်ဝိုင်းနေသည့် ၅ ဧကကျယ်မြေနေရာတွင် တည်ဆောက်ထားသော ထိုကျောင်းတွင် ၅ ထပ် အဆောက်အအုံကြီးတစ်ခု ရှိပြီး မကြာမီ တိုးချဲ့အဆောက်အအုံ ၂ လုံး ပေါ်လာဦးမည်ဟု သိရသည်။
မဟော်သဓာ ဟု အမည်ပေးထားသော ထိုအထက်တန်းကျောင်းတွင် ယခုနှစ် ဝင်ခွင့်အောင်မြင်သူ ၈ တန်း ကျောင်းသား၊ ကျောင်းသူ ၁၄၆ ဦး ရှိကြောင်း၊ လာမည့်နှစ်များတွင် ၉ တန်း၊ ၁ဝ တန်းတို့ကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။
တခြားသော ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် နှစ်စဉ်ကြေး ၈ သိန်း ဝန်းကျင် ကုန်ကျမည် ဖြစ်သော်လည်း မဟော်သဓာတွင်မူ ပညာသင်ကြားရေး၊ နေရေး၊ စားရေး၊ ကျန်းမာရေးမှာ အခမဲ့ဖြစ်သည်။
“ပညာရေးမှာ တစ်ခုခုလုပ်မယ်ဆိုတာ အရင်ကတည်းက စိတ်ကူးပြီးသား၊ အခုမှ အကောင်အထည်ဖော်ရတာ” ဟု ကျောင်းတည်ထောင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည့် ဆရာတော် တစ်ပါးဖြစ်သူ အရှင်ပညာဝရက မိန့်ကြားသည်။
“ဒီအထဲက ထူးချွန်တဲ့ကျောင်းသားတွေကို ဘွဲ့တစ်ခုခုရဖို့ အထိ ထောက်ပံ့ပေးဖို့လည်း စိတ်ကူးထားတယ်”
ကျောင်းမြေနေရာကို မဟာမြိုင်စိုက်ပျိုးရေး ကုမ္ပဏီက လှူဒါန်းပြီး၊ ကျောင်းအဆောက်အအုံကို မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက လှူဒါန်းကြောင်း သိရသည်။
မဟော်သဓာ
တစ်နိုင်ငံလုံးမှ စာသင်ကျောင်းများ ယခုနှစ်စာသင်နှစ်အတွက် ပြန်လည် အသက်ဝင်လာသည့် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မဟော်သဓာ အထက်တန်းကျောင်း၏ သင်ကြားရေးလုပ်ငန်းများလည်း အစပြုလိုက်သည်။ ကျောင်းသူကျောင်းသားများ နံနက် ၇ နာရီတွင် ဘုရားရှိခိုးပြီး ငါးပါးသီလ ခံယူဆောက်တည်ကြကာ နံနက် ၉ နာရီတွင် နိုင်ငံတော်အလံ အလေးပြု၊ နိုင်ငံတော်သီချင်း သီဆိုကြကြောင်း ကျောင်း၏ လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းအမည်မှာ ဇာတ်နိပါတ်များတွင် ပါရှိသော ဘုရားလောင်း ပညာရှိသုခမိန်၏အမည်ကို ယူထားခြင်း ဖြစ်သည်။
မဟော်သဓာသို့ ရောက်လာသော ဒေသအသီးသီးမှ လူငယ်များသည် နိုင်ငံကိုအကျိုးပြုမည့်သူ၊ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ခေါင်းဆောင်နိုင်မည့်သူများ ဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း ကျောင်းတည်ထောင်သူ ဆရာတော် အရှင်ပညာဝရက မိန့်ကြားသည်။
လူငယ်များကို အကျင့်စာရိတ္တကောင်းမွန်၊ ဘာသာတရား ရိုသေကိုင်းရှိုင်း၊ ယဉ်ကျေး လိမ္မာသူများ ဖြစ်လာကြစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ထားသည်ဟု ဆရာတော်က ဆက်ပြီး မိန့်ကြားသည်။
အစိုးရအထက်တန်းကျောင်း ပြဋ္ဌာန်းချက်များအတိုင်း ပို့ချမည်ဖြစ်သော်လည်း ဘာသာရေးနှင့် စာပေဆိုင်ရာ အသိအမြင် မြင့်မားလာစေရေးအတွက် လုပ်ဆောင်ရန်လည်း စဉ်းစားထားကြောင်း ကျောင်းတည်ထောင်ရေးတွင် ပါဝင်ဆောင်ရွက်နေသော မဘသအဖွဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သူ ဒေါက်တာ အရှင်သောပါက ထံမှ သိရသည်။
“သူများဘာသာတွေနဲ့ ပတ်သက်လို့တော့ ပြောမှာမဟုတ်ဘူး။ ကိုယ့်ဘာသာအကြောင်းကိုပဲ အလျဉ်းသင့်သလို ပြောဆိုဟောကြားမှာ၊ လေ့ကျင့်ပေးမှာ” ဟု ဆရာတော်က မိန့်သည်။
ကြီးကြပ်အုပ်ချုပ်ရေး၊ သင်ကြားရေးတို့အတွက် ဆရာ၊ ဆရာမ ၈ ဦး တာဝန်ပေးထားကြောင်း၊ အားကစား၊ စိုက်ပျိုးရေး၊ ကွန်ပျူတာတို့ကိုလည်း အလျဉ်းသင့်သလို သင်ကြားပေးမည်ဖြစ်ကြောင်း ၆၅ နှစ်အရွယ် ကျောင်းအုပ်ကြီး ဦးလှထွန်းက ပြောသည်။
“ကျောင်းက မဘသ ဆရာတော်တွေ တည်ထောင်တယ်ဆိုပေမဲ့ သင်ကြားရေးနဲ့ စီမံခန့်ခွဲမှုက ကျွန်တော်တို့မူဝါဒအတိုင်းပဲ လုပ်မှာပါ။ ဓမ္မကျောင်းတွေလို ဘာသာရေးအတွက် သင်ကြားမှာလည်း မဟုတ်ဘူး” ဟု ပညာရေးဌာန ဒုညွှန်ကြားရေးမှူးဟောင်း ဦးလှထွန်းက ပြောသည်။
“ကျွန်တော့်အနေနဲ့ နိုင်ငံရေးလည်းမသိဘူး။ အမျိုးသားရေးလည်း နားမလည်ဘူး။ ကျွန်တော်သိတာက ကျွန်တော့်ကျောင်းသားကျောင်းသူတွေ ထူးချွန်ထက်မြက်ရေးပဲ”
အုပ်ထိန်းသူတို့၏အသံ
မဘသအဖွဲ့သည် မကြာသေးခင်က ပေါ်ပေါက်ခဲ့သော အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေများ ပေါ်ပေါက်လာရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူများဖြစ်သည်။ မဘသ ဆရာတော်တချို့က ပြည်သူအများအပြား ထောက်ခံသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ဆန့်ကျင်သည့် အရိပ်အယောင် ပြခဲ့သော်လည်း ထိုပါတီ၏ ရွေးကောက်ပွဲအနိုင်ရရှိမှုကို သတိဖြင့် ကြိုဆိုခဲ့ကြသည်။
မဟော်သဓာတွင် ကျောင်းတက်ခွင့်ရသူတချို့၏ မိဘများကမူ မဘသဆရာတော်များ တည်ထောင်သည့် ထိုကျောင်းတွင် ကလေးများ အကျင့်စာရိတ္တ ကောင်းမွန်ပြီး လိမ္မာယဉ်ကျေးသူများ ဖြစ်လာရေးအတွက် စိတ်ချရမည်ဟု ပြောကြသည်။
“ကျွန်မကလေးကိုလည်း ဘဝရှေ့ရေးရော၊ အမျိုးဘာသာ သာသနာကိုရော အလေးထားစေချင်တယ်” ဟု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စံပြသိန်ဂုံးရွာမှ ၄၆ နှစ်အရွယ် ဒေါ်ခင်ဌေးကြည်က ပြောသည်။
သူ၏ ၁၃ နှစ်အရွယ် သားဖြစ်သူ မောင်သုထက်ဦးသည် “သာသနာကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်တတ်တဲ့သူ” ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။
မွန်ပြည်နယ်၊ သိပ်ဇရပ်မှ ၂၅ နှစ်အရွယ် မူလတန်းပြ ကျောင်းဆရာမ ဒေါ်ချိုသာခိုင်က မဟော်သဓာရောက် ကလေးများသည် ဘာသာရေးအသိ ပိုကြွယ်ဝလာလိမ့်မည်ဟု မျှော်လင့်နေသည်။
ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်သွားသော တူဖြစ်သူကို အိမ်တွင် ဘာသာရေးအပါအဝင် သွန်သင် ဆုံးမစရာရှိသည်များကို သင်ကြားပေးခဲ့သည်ဟု သူက ဆိုသည်။
“အမျိုးချစ်စိတ်က ဘုန်းဘုန်းတွေ သင်ပေးတာက ပိုကောင်းတယ်လေ၊ ငယ်စဉ်ကတည်းက သင်ပေးဖို့လိုတယ်” ဟု ဒေါ်ချိုသာခိုင်က ပြောသည်။ ။