
ရန်ကုန်တိုင်း စမ်းချောင်းမြို.နယ်တွင် မွေးကင်းစကလေးငယ်တစ်ဦးအား ယနေ့ည ၇ နာရီအချိန်ခန့်တွင် အငှားယာဉ်တက္ကစီတစ်စီးပေါ်တွင် စွန့်ပစ်မှုႈဖြစ်ပွားခဲ့သည်။
ကလေးစွန့်ပစ်ခဲ့သည့် အမျိုးသမီးမှာ အသက် ၂၀ ဝန်းကျင်အရွယ်ဖြစ်ပြီး၊ ကလေးငယ်အားပွေ့လျက် ကမာရွတ်မြို.နယ် လှည်းတန်းစိန်ဂေဟာ ဈေးဝယ်စင်တာရှေ့မှ ၎င်း၏ အငှားယာဉ်ကို စမ်းချောင်းမြို.နယ်သို့ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း တက္ကစီမောင်းနှင်သူ ကိုတိုးညွှန့်အောင်က ဆိုသည်။
“စမ်းချောင်း ငှက်ပျောတောလမ်းထဲရောက်ရော တက္ကစီခပေးပြီး သူ့အဘွားအိမ်ကို ငါးမိနစ်လောက် သွားချင်လို့ ချက်ချင်းပြန်လာမယ်ဆိုပြီး ကလေးကို ကားပေါ်မှာချပြီး ထွက်သွားတယ်။ ကလေးက အနှီးထဲမှာ ငိုနေပြီ။ ကျနော်လည်း လာနိုးလာနိုးနဲ့ စောင့်နေတာ နာရီဝက်လောက် ကြာသွားတယ်” ဟု ကိုတိုးညွှန့်အောင်က ဆိုသည်။
ထိုစဉ် လမ်းသူလမ်းသားများက အငှားယာဉ်ထံသို့ ဝိုင်းအုံလာပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှဴးတစ်ဦးက ဦးဆောင်၍ ကလေးငယ်အား ရန်ကုန်ကလေးဆေးရုံအရေးပေါ်အဆောင်သို့ ည ၈ နာရီခွဲခန့်အချိန်တွင် ပို့ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း ရဲတပ်ဖွဲ့မှတ်တမ်းဝင် ကလေးစွန့်ပစ်မှုအရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရဲစခန်းရောက်သည့် အမှုပေါင်း၂ဝ၁၁ တွင် ၆ မှု၊ ၂ဝ၁၂ တွင် ၄ မှု၊ ၂ဝ၁၃ တွင် ၉ မှု၊ ၂ဝ၁၄ တွင် ၁၂ မှု ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် အမှု ၂ဝ ရှိခဲ့သည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း ကလေးစွန့်ပစ်မှုအများဆုံး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ရှမ်းတို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် တွေ့ရသည်။
မွေးကင်းစကလေးစွန့်ပစ်မှုနှုန်း လျော့ကျစေရန်အတွက် တစ်ဦးတည်းရုန်းကန်ရသော မိခင်များအရေး၊ လူငယ်လိင်ပညာပေးကဏ္ဍတို့နှင့် ဆက်စပ်နေသော ပြဿနာများကို ဖြေရှင်းရမည်ဟု တက်ကြွလှုပ်ရှားသူတို့က ပြောသည်။