
ရန်ကုန် – ရခိုင်ပြည်နယ်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည် က စနေနေ့တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားတစ်ခုတွင် တိုက်တွန်းလိုက်သည်။
ရခိုင်ဒေသ တည်ငြိမ် အေးချမ်းရေး လုပ်ဆောင်ရာတွင် အခက်အခဲများ တွေ့ရမည်ဖြစ်ကြောင်း၊ အာဃာတ၊ အမုန်းတရားတို့ တိုးပွားစေမည့် လုပ်ရပ်များရှောင်ရှားရေးမှာ တစ်ဦးချင်းစီတွင်လည်း တာဝန်ရှိကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် နှစ်ပတ်လည်နေ့ အခမ်းအနား မိန့်ခွန်းတွင် သူက ထည့်သွင်းပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတချို့စီးနင်း တိုက်ခိုက်ခံရမှု မကြာသေးမီက ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်၊ ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းစဉ် ဒဏ်ရာရ သေဆုံးမှု၊ အင်တာနက် လူမှုကွန်ရက်တွင် အမုန်းတရား ပွားများစေသည့် ပြောဆိုရေးသားမှု အများအပြား ပေါ်ပေါက်နေချိန်တွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“နိုင်ငံသူနိုင်ငံသားများရဲ့ လုံခြုံရေး၊ နိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် လုပ်သင့်လုပ်ထိုက် တဲ့ကိစ္စတွေကို ကျွန်မတို့ တရားဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန်နဲ့ သတ္တိရှိရှိနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ပြည်သူကလည်း ဝိုင်းဝန်းပြီး ကျွန်မတို့ကို ထောက်ခံမယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
စခန်း တိုက်ခိုက်ခံရစဉ် ရဲ ၉ ဦး ကျဆုံးပြီး နယ်မြေရှင်းလင်းစဉ် တပ်မတော်သား ၅ ဦး ကျဆုံးသည်ဟု အစိုးရက ကြေညာသည်။ စခန်းစီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ယူဆရသူ ၂ဝ ဝန်းကျင်၏ ရုပ်အလောင်းများကို နယ်မြေရှင်းလင်းစဉ် ပစ်ခတ်မှုများအပြီး တွေ့ရသည်ဟု သိရသည်။
အစိုးရက ၎င်းတို့ကို ပုန်ကန်သူများဟု မခေါ်ဆိုဘဲ အကြမ်းဖက်သမားများဟု ခေါ်ဆိုသုံးနှုန်းသည်ကို တွေ့ရသည်။
စခန်းစီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ယူဆရသူ ၂ ဦး ဖမ်းဆီးရမိထားပြီး ၎င်းတို့ကို စစ်ကြောမေးမြန်းရာတွင် လူ့အခွင့်အရေးခံစားခွင့်တွေ အပြည့်အဝပေးရန် ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အောက်တိုဘာ ၁၁ တွင် Myanmar Now ကို ပြောသည်။
အောက်တိုဘာ ၁၄ ရက်နေ့ အစိုးရ ထုတ်ပြန်ချက်တွင် ရဲကင်းစခန်းများ ဝင်ရောက်စီးနင်းမှုကို ဦးဆောင်သူမှာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာမှ ၄၅နှစ်အရွယ် ဟာဗစ်တူရ်ဟာဖြစ်သည်ဟု ဖော်ပြထားသည်။ ၎င်းသည် ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်သူ ဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင် တာလီဘန်များထံမှ သင်တန်း ၆ လ တက်ရောက်ခဲ့သည်ဟု ဆိုသည်။
စစ်ဆေးရေးနယ်မြေ
ပြီးခဲ့သော ရက်ပိုင်းအတွင်း ပြည်ထောင်စု ဝန်ကြီးများ ရခိုင်ဒေသသို့ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံကာ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့ကို စစ်ဆင်ရေးနယ်မြေ အဖြစ်သတ်မှတ်လိုက်ကြောင်း၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများကို လက်နက် တပ်ဆင်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းကို ထောက်ခံသူများထဲတွင် မောင်တောမြို့နယ်မှ နိုင်ငံရေးသမား ဦးခိုင်မောင်သန်းလည်း ပါဝင်သည်။
“အကြမ်းဖက်တိုက်ခိုက်လာနိုင်တဲ့ ဘင်္ဂါလီတွေက အများကြီး ရှိပါတယ်။ ရွာတိုင်းရွာတိုင်းလိုလိုမှာ သူတို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်နိုင်တဲ့ အခြေအနေတွေ ရှိပါတယ်” ဟု ရခိုင်အမျိုးသားပါတီ၏ မြို့နယ်စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်မောင်သန်းက ပြောသည်။
တပ်မတော်သတင်းစာ မြဝတီတွင် အောက်တိုဘာ ၁၂ရက်နေ့က တပ်မတော်စစ်ကြောင်း မောင်တောမြို့ ကြက်ရိုးပြင်ကျေးရွာသို့ ရောက်ရှိစဉ်တွင် ရွာသားတို့၏ တုတ်၊ ဓား၊ သေနတ်တို့ဖြင့် စတင်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည်ဟု ရေးသားထားသည်။ ထိုဖြစ်စဉ်တွင် တပ်မတော်က တစ်လုံးထိုးသေနတ် ၁ လက်၊ အလောင်း ၁ဝ လောင်း သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
ထိခိုက်သေဆုံးမှု
တပ်မတော်က နယ်မြေရှင်းလင်းရာတွင် ရဲကင်းစခန်း ဝင်ရောက်စီးနင်းသူတိုနှင့် မသက်ဆိုင်သူများလည်း ထိခိုက်မှု ရှိနေသည်ဟု Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော ဒေသခံတချို့က ပြောသည်။
အောက်တိုဘာ ၁ဝ ရက်နေ့ နံနက်က မောင်တောမြို့၊ မြို့သူကြီးကျေးရွာအုပ်စုတွင် တပ်မတော်က နယ်မြေရှင်းလင်းရာမှ ရွာသား ၇ ဦး ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းလှက ပြောသည်။
ထို ၇ ဦးတွင် ရွာဟောင်းကျေးရွာမှ ၎င်း၏ အိမ်နီးချင်း နူရိုလည်း ပါဝင်သည်ဟု ကိုထွန်းလှက ဆိုသည်။
“တပ်တွေက မနက်အစောကြီးကတည်းက လာတယ်။ လာပြီးတော့ သောင်းပိုင်းညာဆိုတဲ့ ရွာအုပ်စုကို ဝိုင်းထားတယ်။ ဝိုင်းထားတော့ လူတွေက အပြင်မထွက်ရဲကြဘူး။
ချောင်းကြည့်တဲ့လူတွေကို တပ်တွေက မြင်လိုက်တယ်။ မြင်တော့ ချောင်းကြည့်တဲ့လူတွေကို ခေါ်သွားတယ်” ဟု သူက ပြောသည်။
မောင်တောမြို့ ဒေသခံတစ်ဦးဖြစ်သူ ၂၈နှစ်အရွယ် ကိုဇော်မင်းက နယ်မြေရှင်းလင်းရေး လာသည့် တပ်မတော်သားများ ဝင်ရောက်လာချိန်တွင် ထွက်ပြေးသူများ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ တော်တော်ကို ကြောက်လန့်နေရပါတယ်။ ဒီလို ပစ်ခတ်သတ်ဖြတ်သွားတယ်ဆိုတာ လူတွေကို အကြောက်တရားတွေဖြစ်အောင် လုပ်နေတယ်လို့ ထင်ပါတယ်” ဟု ကိုဇော်မင်းက Myanmar Now ကို ပြောသည်။
ဒေသခံတစ်ဦးဖြစ်သည့် ကိုဇာနည်ကလည်း မောင်တောမြို့ နွားရုံတောကျေးရွာတွင် နေထိုင်သူ အသက် ၅ဝ အရွယ် အမျိုးသမီးတစ်ဦး ကျည်ဆန်ထိမှန်ထားပြီး ဒဏ်ရာပြင်းထန်ကြောင်း၊ ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေကြောင်း ပြောသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းက တပ်မတော်ယာဉ်တန်း နွားရုံတော ကျေးရွာကို ဖြတ်သန်းစဉ် ပစ်ခတ်မှုတချို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ နေအိမ်တွင် ချက်ပြုတ်နေသည့် ဒေါ်ဟာဆီနားကို ထိမှန်ခြင်း ဖြစ်ကြောင်း သူက ပြောပြသည်။
အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ဆက်သွယ် မေးမြန်းရာ တပ်မတော်၊ ရဲတပ်ဖွဲ့တို့က ဒေသခံများ ထိခိုက်မှုမရှိစေရန် ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟု ယုံကြည်ကြောင်း သူက ရှင်းပြသည်။
“ကျွန်တော်တို့ အရေးအခင်းကာလတွေ ဖြတ်သန်းခဲ့တုန်းကလိုပေါ့ဗျာ။ လူစုခွဲဖို့ပြောမယ်။ မခွဲလို့ ပစ်တာ၊ ခတ်တာတွေ ဖြစ်မယ်။ အဲဒီလိုမျိုးတွေ ရှိနေသလားတော့ မသိဘူးဗျ” ဟု သူက ပြောသည်။