သတင်း

မြေယာဥပဒေ ပြန်ပြင်ရန် အရပ်ဘက်အဖွဲ့အစည်း တိုက်တွန်း

လယ်ယာမြေ မူဝါဒ၊ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများကို ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး ပြန်လည် ပြင်ဆင် ရေးဆွဲရန် ရန်ကုန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် အစီရင်ခံစာတွင် အာဏာပိုင်တို့ကို တိုက်တွန်းထားသည်။

လွှတ်တော်အမတ်များ၊ လယ်သမားအဖွဲ့များ၊ မြေယာအရေး ဆောင်ရွက်နေသော အဖွဲ့များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များကို သေချာစွာ ဖိတ်ကြား ဆွေးနွေးပြီး အကြံပြုချက် ရယူခြင်း၊ လက်ရှိဥပဒေပြဋ္ဌာန်းချက်များ၏ အားနည်းချက်ကို သုံးသပ်ပြီး ပြင်ဆင်ရန် တိုက်တွန်းထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသည် လယ်သမားများ၊ တိုင်းရင်းသားလူမျိုးစုများကို အကာအကွယ် မပေးဘဲ လယ်ယာမြေ မတရားသိမ်းပိုက်ခဲ့သူတို့ကိုသာ ကာကွယ်နေသည်ဟု ပြည်သူများက စိုးရိမ်တကြီး ကန့်ကွက်နေကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

မြေသိမ်းခံရသူတို့က မြေပြန်လည်ရရှိရေးအတွက် နည်းမျိုးစုံ ကြိုးပမ်းသည်ကို တွေ့ရကြောင်း၊ ဦးသိန်းစိန်အစိုးရက ထိုမြေယာပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းသော်လည်း အောင်မြင်မှု မရကြောင်း သံလွင်အဖွဲ့ကပြုစု ထုတ်ဝေသော “အမျိုးသားမြေအသုံးချမှုမူဝါဒ၊ လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေများအပေါ် လေ့လာဆန်းစစ်ခြင်း သုတေသန အစီရင်ခံစာ” တွင် ဖော်ပြထားသည်။

“ပြည်သူ့ဆန္ဒဖြင့် ပေါ်ထွန်းလာသော ဒီမိုကရေစီ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားနှင့် မကိုက်ညီသော ဥပဒေများ၊ မူဝါဒများကို ပြန်လည် သုံးသပ် ပြင်ဆင်ရန် ဆောင်ရွက်ရေးသည် အရေးကြီးသည့် ကိစ္စရပ်များအဖြစ် ရှိနေဆဲ ဖြစ်သည်” ဟု ပညာရှင်အများအပြားနှင့် တိုင်ပင်ဆွေးနွေးပြီး ထွက်ပေါ်လာသည့် ရလဒ်တို့ကို အခြေခံ ရေးသားပြုစုထားသည့် အဆိုပါ အစီရင်ခံစာက ဆိုသည်။

မြေယာပြဿနာများနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း ဆွေးနွေးမှုများကို တွေ့ခဲ့ရသည်။

၂ဝ၁၆ သြဂုတ်လ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြေယာဥပဒေကို ဖောက်ဖျက်ပြီး မိမိကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက် ဆောင်ရွက်နေခြင်းများနှင့် ပတ်သက်ပြီး အရေးယူရေး အစီအစဉ်ကို မေးခွန်းထုတ်ခဲ့သည်။

အစည်းအဝေးတက်ရောက်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီးက လယ်ယာမြေဥပဒေကို ဖောက်ဖျက်ပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လယ်ယာမြေဥပဒေပုဒ်မ ၁၉၊ ၃၅၊ ၃၆ တို့အရ အရေးယူမည်၊ ထိုအရေးယူမှုကို လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်က ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်သွားရမည်ဟု ဖြေကြားသွားသည်။

အစိုးရသစ် ရင်ဆိုင်ရသည့် ကြီးမားသည့် အခက်အခဲများထဲတွင် နိုင်ငံအနှံ့ ဖြစ်ပေါ်ခဲ့သော၊ ပြေလည်အောင် မရှင်းလင်းနိုင်သေးသော မြေသိမ်းဆည်းမှုပြဿနာများလည်း ပါဝင်သည်။

တပ်မတော်အစိုးရလက်ထက် ဌာနဆိုင်ရာများက မြန်မာပြည်အနှံ့ မြေသိမ်းယာသိမ်းမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ရာ ထိုအမှု အများအပြားမှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်နေသည်။

သိမ်းပိုက်ခံမြေပေါ်တွင် ဝင်ရောက် ထွန်ယက်စိုက်ပျိုးသည့် တောင်သူ လယ်သမားများ နိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လာသည်။ နောက်ဆက်တွဲရလဒ်မှာ လယ်သမားတို့ တရားစွဲခံရခြင်း၊ ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်ခံရခြင်း သတင်းများ မကြာခဏ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အငြင်းပွားမြေကို နောက်ပိုင်းတွင် စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်ခွင့် ရသူများလည်း ရှိလာသည်။ ပိုင်ရှင်ဟောင်းနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူတို့ ပဋိပက္ခဖြစ်ပွားမှုများလည်း ပေါ်ပေါက်လျက်ရှိသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေ၏ အားနည်းချက်ကြီးတစ်ခုမှာ လယ်သမားတို့၏ အခွင့်အရေးကို အကာအကွယ်ပေးမှု အားနည်းခြင်း ဖြစ်သည်။ ဥပဒေ၏ အရေးယူမှု အခန်းရှိ ပုဒ်မ ၂၆ မှ ၂၉ အထိသည် ဒေသခံ တောင်သူက လုပ်ငန်းရှင်နှင့် လုပ်ငန်းရှင်၏ပိုင်ဆိုင်မှုတို့ကို နှောင့်ယှက်ပါက ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ရန် အဓိက ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် တချို့က ထိုဥပဒေကို မြေသိမ်းဥပဒေဟု ဝေဖန်ကြပြီး ပြင်ဆင်ဖြည့်စွက်ခြင်းမပြုဘဲ ဖျက်သိမ်းရန် လိုလားကြသည်။

(သတင်းရေးသားသူ လွေးခင်ဝင်းရီသည် လားရှိုးမြို့ အခြေစိုက် မားနဂါးသတင်းဂျာနယ်မှဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် လုပ်ကိုင်လျက် ရှိသည်။)

Show More

Related Articles

Back to top button