ရန်ကုန် – ပစ္စည်းထည့်သည့် ပလတ်စတစ်လက်ဆွဲအိတ် အခမဲ့ပေးအပ်ခြင်းမရှိသည့် အစီအစဉ်ကို ရန်ကုန်ရှိ City Mart စတိုးဆိုင်များတွင် လဆန်း ၅ ရက်နေ့တိုင်း ပြုလုပ်နေသော်လည်း ဈေးဝယ်သူအများစုက သတိမပြုမိကြကြောင်း ကုန်တိုက်၏ အရောင်းမြှင့်တင်ရေးဌာန တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၆ ရက်နေ့တွင် ပြောသည်။
“ဈေးဝယ်သူအများစုက လစဉ် ဒီအစီအစဉ်ရှိတာ မသိကြဘူး။ ပလတ်စတစ်အိတ် မပေးတော့ ဝယ်သူတွေဘက်က သိပ်ကျေနပ်မှု မရှိဘူး” ဟု အရောင်းမြှင့်တင်ရေးဌာနမှ ကိုအောင်စိုးက ပြောသည်။
သို့သော်လည်း ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချရေး အစီအစဉ်ကို ရက်တိုး လုပ်ဆောင်နိုင်ရေးအတွက် ဈေးဝယ်သူတို့၏ တုံ့ပြန်မှုကို စောင့်ကြည့်နေသည်ဟု သူက ဆိုသည်။
ရန်ကုန်ရှိ City Mart ၂၁ ဆိုင်တွင် လဆန်း ၅ ရက်နေ့ အစီအစဉ် ရှိနေပြီး ပလတ်စတစ်လက်ဆွဲအိတ် လိုအပ်သူကို အိတ် တစ်လုံးလျှင် ကျပ် ၁ဝဝ နှုန်းဖြင့် ရောင်းချပေးနေသည်ဟု ဆိုသည်။
ဤအစီအစဉ်သည် ကုန်တိုက်၏ အကျိုးအမြတ်အတွက် မဟုတ်ဘဲ ဈေးဝယ်သူများ ထည့်စရာအိတ် ယူဆောင်လာတတ်သည့် အကျင့် ဖြစ်စေရေး၊ ပလတ်စတစ်အိတ် အသုံးလျှော့ချရေး အစီအစဉ် ဖြစ်သည်ဟု ကိုအောင်စိုးက ရှင်းပြသည်။
ဇန်နဝါရီ ၅ ရက်နေ့က ကုန်တိုက်သို့ ဈေးဝယ်လာရောက်သူတို့တွင်လည်း ပတ်ဝန်းကျင် ပျက်စီးစေသော ပလတ်စတစ်အိတ်ကို အသုံးလျှော့ရေး အစီအစဉ်အပေါ် အမြင် အမျိုးမျိုး ရှိနေသည်။
“ဒီအစီအစဉ်ကို ခါတိုင်းလည်း သိနေကျဆိုတော့ အခက်အခဲတော့မရှိဘူး။ အစ်မကတော့ ဒီအစီအစဉ်ကို ကြိုက်တယ်” ဟု မြေနီကုန်း City Mart တွင် တွေ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“နည်းနည်းပါးပါးဝယ်ရင်တော့ ပြဿနာ မရှိဘူးလေ။ ပလစ်စတစ်အိတ် မပေးတဲ့ နေ့ဆိုလည်း အဲ့ဒီနေ့ကျရင် တခြားအိတ် သူတို့ပေးပေါ့” ဟု မြေနီကုန်းဆိုင်ခွဲတွင် လာရောက် ဈေးဝယ်သူ ဦးမျိုးချစ်က ပြောသည်။
City Mart က နိုင်ငံအနှံ့ စတိုးဆိုင်ကြီးများ ထပ်မံ ဖွင့်လှစ်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်၏လက်အောက်ခံအဖွဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (IFC) ထံမှ ချေးငွေ ဒေါ်လာ ၂၅ သန်း ယူရန် ပြီးခဲ့သည့်နှစ် နှစ်ဆန်းပိုင်းက သဘောတူညီမှု ရရှိထားသည်။
IFC က ထိုသို့ ရင်းနှီးမြှုပ်နှံသည့်အပြင် အကြံပေးခြင်းများ ပြုလုပ်မည် ဖြစ်ရာ အကြံပေးမှုများထဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများလည်း ပါဝင်မည်ဟု City Mart ကုမ္ပဏီ အကြီးအကဲ ဒေါ်ဝင်းဝင်းတင့်က ပြောဆိုကြောင်း IFC အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ကုန်တိုက်၏ ပလတ်စတစ်အိတ် အသုံးလျှော့ရေးအစီအစဉ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကလည်း ထောက်ခံကြသည်။
“ဒါက သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့။ ပလတ်စတစ်အိတ်ဆိုတာက မြေပေါ်မှာမဆွေးမမြေ့တဲ့ ပစ္စည်းလေ။ အစားအသောက်ထည့်ရင်လည်း အဆိပ်ဖြစ်တယ်။ ဒါကြောင့် ပလတ်စတစ်အိတ်ကတော့ မသုံးသင့်ဘူး” ဟု သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဥက္ကဋ္ဌ ဦးသန်းနွယ်က ပြောသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး လုပ်ဆောင်နေသည့် အနောက်နိုင်ငံအများအပြားရှိ ကုန်တိုက်များတွင် ဈေးဝယ်သူကို ပလတ်စတစ်လက်ဆွဲအိတ် ထည့်ပေးလေ့ မရှိကြောင်း သိရသည်။
ယခင်က အသုံးများခဲ့သည့် စက္ကူ၊ ဖက် စသည့် ထုပ်ပိုးပစ္စည်းတို့သည် စွန့်ပစ်ပြီးနောက်ပိုင်း ဆွေးမြည့် ပျက်စီးပြီး မြေဆွေးဖြစ်သွားသည်။
လတ်တလော ခေတ်စား အသုံးများနေသည့် ပလတ်စတစ်အိတ်သည် စွန့်ပစ်ပြီးနောက်ပိုင်း ဆွေးမြည့်သွားခြင်း မရှိဘဲ နှစ်ပေါင်းများစွာ တည်ရှိနေနိုင်သည်။ မြစ်အတွင်း စွန့်ပစ်ပါက စားသုံးမိသည့် ရေသတ္တဝါများ သေဆုံးနိုင်ခြင်း၊ မီးရှို့ဖျက်ဆီးလျှင်လည်း အန္တရာယ်ရှိသည့် မီးခိုးငွေ့ ထွက်ပေါ်လာခြင်းတို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ပလတ်စတစ်အသုံးလျှော့ရန်၊ အသုံးပြုမိပါကလည်း အကြိမ်ကြိမ် ပြန်လည်အသုံးပြုရန် လှုံ့ဆော်လျက်ရှိသည်။
(သိင်္ဂီဝင်းတင်သည် Myanmar Now ၏ အလုပ်သင်သတင်းထောက်တစ်ဦး ဖြစ်သည်။)