သတင်း

စစ်တပ်ပိုင် ကုန်တိုက်နှစ်ခုမီးလောင်မှု လျော်ကြေးတောင်း

အာဏာသိမ်းပြီးနောက် ရန်ကုန်တစ်မြို့လုံး ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန်တွင် မီးလောင်ကျွမ်းခဲ့သည့် ကုန်တိုက်နှစ်ခုအတွက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက မီးအားမခံလျော်ကြေးရရန် ကြိုးပမ်းလျက်ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်လအကြာ ပြီးခဲ့သည့်နှစ် ဧပြီလ ၁ ရက် နံနက်အစောပိုင်းတွင် မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းထောင့်ရှိ ဂန္ဓမာဟိုးဆေးလ် (Gandamar Wholesale) နှင့် ရန်ကုန်မြို့လယ်ရှိ ရူဘီမတ် (Ruby Mart) ကုန်တိုက် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ 

မီးလောင်ခဲ့သော ကုန်တိုက်နှစ်ခုအတွက် လျော်ကြေးရရှိမှု အခြေအနေကို ယခုနှစ်ဆန်းပိုင်းက ဦးပိုင် ကုမ္ပဏီ၏ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း Myanmar Now က ရရှိထားသည့် စာရွက်စာတမ်း အထောက်အထားများအရ သိရသည်။

စတင်တည်ထောင်ချိန်မှစ၍ ဝင်ငွေနှင့် အမြတ်များကို စုစည်းတင်ပြရန်လည်း ဦးပိုင်လက်အောက်ခံ ရွှေဂန္ဓမာအင်တာနေရှင်နယ်ထရေးဒင်းကုမ္ပဏီကို ညွှန်ကြားထားကြောင်း တွေ့ရသည်။

သို့သော် အဆိုပါကုန်တိုက်နှစ်ခုအတွက် စစ်တပ်ပိုင်လုပ်ငန်းက မည်သည့်ကုမ္ပဏီထံတွင် မီးအာမခံထားသည်၊ လျော်ကြေးပမာဏ မည်မျှရှိမည်ကိုမူ မသိရပေ။

အခြေခံ မီးအာမခံအကာကွယ်အနေဖြင့် မတော်တဆမီး၊ ပေါ့ဆမီး၊ ကူးစက်မီး၊ မီးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီး၊ အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲ၍ လောင်ကျွမ်းသောမီးများ အကျုံးဝင်ပြီး အခြားထိခိုက်မှုများအတွက် လျော်ကြေးရယူလိုပါက ထပ်ဆောင်းအာမခံဝယ်ယူရမည်ဟု ပြည်တွင်းမှ အာမခံကုမ္ပဏီများ၏ ကြော်ငြာစာတွင်များ တွေ့ရသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည့် စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန်၊ လမ်းပေါ်၌ ရဲနှင့် စစ်သားများသာ ရှိနေချိန်၌ အချိန်တစ်နာရီခန့်သာခြားပြီး ကုန်တိုက်နှစ်ခု မီးလောင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် စစ်ကောင်စီက ဖိတ်ခေါ်ခဲ့သည့် အမေရိကန်အခြေစိုက် နာမည်ကြီး CNN သတင်းထောက်နှင့်အဖွဲ့ ရောက်ရှိချိန်တွင် စစ်တပ်ပိုင် ကုန်တိုက်နှစ်ခု မီးလောင်ခဲ့ခြင်းလည်းဖြစ်သည်။ စစ်ကောင်စီက လုံခြုံရေးအပြည့် စီစဉ်ကာ CNN အဖွဲ့အား မီးလောင်ပြီးစ ကုန်တိုက်နှစ်ခုကို ကြည့်ရှုစေခဲ့သည်။​

စစ်ကောင်စီကို ဆန့်ကျင်သော အကြမ်းဖက်လိုလားသူများက မီးရှို့ဖျက်ဆီးသယောင် နိုင်ငံတကာက ထင်မြင်သွားစေရန် အဆိုပါကုန်တိုက်နှစ်ခုကို စစ်တပ်ကပင် ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံများက ယူဆခဲ့သည်။

မရမ်းကုန်မြို့နယ်ရှိ ဂန္ဓမာကုန်တိုက် မီးလောင်မှုရာတွင် တစ်ဝင်းတည်းရှိ စစ်တပ်ပိုင် မြဝတီဘဏ်အဆောက်အအုံမှာ ဘေးမသီ ရန်မခခဲ့ပေ။ 

အလားတူပင် ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်ရှိ Ruby Mart သည်လည်း ဈေးဝယ်စင်တာတစ်ခုလုံး မီးလောင်ကျွမ်းခဲ့သော်လည်း နံရံချင်းကပ်နေသည့် ဟိုတယ်နှင့် အခြားအဆောက်အအုံများ မီးလုံးဝမကူးခဲ့ခြင်းမှာ ထူးဆန်းနေကြောင်း မီးလောင်စဉ်က ရပ်ကွက်တွင် နေထိုင်သူတစ်ဦး သုံးသပ်သည်။

“အကျယ်အဝန်း၊ ပစ္စည်းတွေ ထားသိုပုံအရဆိုရင် တစ်ခုလုံးလောင်ကျွမ်းဖို့ဆိုတာ အပြင်ကနေ လုပ်လို့ မရနိုင်သလို အထဲကနေ လုပ်မယ်ဆိုရင် တော်တော်ကြီးကို လုပ်မှရမယ်။ ဖြစ်တဲ့အချိန်ကလည်း အရပ်သားတွေ အပြင်ထွက်လို့ မရတဲ့အချိန်ဖြစ်တယ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button