သံတွဲ – အုပ်ချုပ်သူတို့က စိုက်ပျိုးရေးကို ဦးစားပေးမှုနည်းလာပြီး လယ်မြေကို လုပ်ငန်းရှင်ကြီးများလက်တွင်း ထည့်ခဲ့ကြတဲ့အတွက် နိုင်ငံရဲ့လူများစု အခက်ကြုံနေရတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးက ပြောလိုက်ပါတယ်။
သံတွဲမြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးနိုင်ကြွေအေးကို ငါးဖမ်းလုပ်ငန်း ဖြစ်ထွန်းတဲ့ ဂျိတ္တောရပ်ကွက်က သူ့ရဲ့နေအိမ်မှာ သွားရောက် တွေ့ဆုံပြီး ဒေသတွင်း အခြေအနေများအကြောင်း မေးမြန်းထားပါတယ်။
မေး – မြန်မာပြည်ရဲ့ အဆင်းရဲဆုံးဒေသတွေထဲ ရခိုင်ပြည်နယ်က ပါတယ်ဆိုတော့ ဆင်းရဲနွမ်းပါးမှု လွတ်မြောက်အောင် ဘာတွေ လုပ်သင့်တယ်လို့ ယူဆပါသလဲ။
ဖြေ – ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်။ ပဒေသရာဇ်ခေတ်ဘုရင်ခေတ်ကတည်းက စိုက်ပျိုးရေးကို အဓိက လုပ်ဆောင်ခဲ့တယ်။ ဘုရင်ကိုယ်တိုင်က လယ်ထွန်တတ်တယ်။ လယ်မထွန်ဖူးတဲ့ဘုရင်ဆိုရင် ဘုရင်မဖြစ်ဘူး။ မိဖုရားဆိုရင်လည်း ကောက်မစိုက်တတ်ရင် မိဖုရား မဖြစ်ဘူး။ အဲ့ဒါကြောင့် လယ်ထွန်မင်္ဂလာဆင်းတာတွေကို တော်တော်လေးကို ဦးစားပေးခဲ့တယ်။ အခုက စိုက်ပျိုးရေးကို ဦးစားမပေးတဲ့အပြင် ကျေးဇူးရှင်တောင်သူဦးကြီးတွေ စိုက်ပျိုးမယ့်မြေကို သိမ်းဆည်းတာတို့၊ စက်ရုံဆောက်တာတို့၊ အလုပ်ရုံထောင်တာတို့၊ လယ်သမားတွေကို ဖိနှိပ်ပြီးတော့ ထောင်ချတာတို့ကို လုပ်နေကြတယ်။ အရင်တုန်းက လယ်ယာမြေသိမ်းဆည်းရင် အာဏာနဲ့ သိမ်းတယ်၊ အခုခေတ်ကျတော့ ခရိုနီတွေက လယ်ဂရမ်ကိုင်တဲ့နည်းနဲ့ သိမ်းတယ်။ လယ်ထွန်နေတဲ့ လယ်သမားတွေကို ပုဒ်မ – ၄၄၁၊ ပုဒ်မ -၄၄၇ နဲ့ဖမ်းတယ်။ လယ်သမားက သူပိုင်တဲ့လယ်ကို ခရိုနီတစ်ယောက်က လယ်ဂရမ်ဖောက်သွားတာကို သူက မသိခဲ့ဘူး။ လယ်တွေက မြေလွတ်မြေရိုင်းစာရင်း ဝင်နေတုန်းပဲ။ မြေလွတ်မြေရိုင်းဆိုတာက ဥပဒေသတ်မှတ်ချက်က မစိုက်ပျိုးပဲထားတဲ့မြေကို ပြောတာပါ၊ တကယ့်မြေပြင်အခြေအနေက လယ်သမားတွေက လယ်ကို နေ့တိုင်း စိုက်ပျိုးနေတာပါ။ လယ်သမားကို တရားစွဲ ထောင်ချတာက စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ကုန်အောင် လုပ်နေသလိုပါပဲ။ ရှိတဲ့မြေကိုရောင်းစားပြီး စိုက်ပျိုးရေးကို ဆက်မလုပ်ချင်အောင် လုပ်နေတာနဲ့ အတူတူပါပဲ။ ဒါကြောင့်လည်း စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီးတော့ စိုက်ပျိုးရေးကို အကောင်အထည်မဖော်နိုင်သရွေ့၊ စိုက်ပျိုးရေးကို စိတ်မဝင်စားသရွေ့ နိုင်ငံက ဆင်းရဲမွဲတေ နေဦးမှာပါ။
မေး – လွှတ်တော်မှာ ဒီအကြောင်း ဆွေးနွေးဖြစ်သလား။
မေး – လယ်သမားအများစုက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) မရှိတဲ့အခါကျတော့ လယ်တကယ်စိုက်ပေးမယ့်လည်း အမတော်ချေးငွေမရတဲ့ အခက်အခဲတွေ အများကြီး ရှိတယ်။ လယ်မြေတွေကို ဟိုတယ်လုပ်ငန်းရှင်တွေက ဈေးကောင်းပေးဝယ်တယ်။ စီးပွားရေးသမားတွေက ပုံစံ (၇) ကို ငွေအင်အားနဲ့ လိုက်နိုင်ပေမယ့် လယ်သမားတွေကျတော့ ခက်ခဲတယ်။ ပြည်နယ် လွှတ်တော်မှာ ဒါကို အဆိုတင်သွင်းတော့ ထောက်ခံသူများတဲ့အတွက် အဆို အောင်ခဲ့တယ်။ ဂွ၊ သံတွဲ၊ တောင်ကုတ်ကို ပြည်နယ်မြေစာရင်းအဖွဲ့က ကွင်းဆင်းပြီးတော့ မြေကြီးမြေပုံအရ မြေပိုင်ဆိုင်မှုလက်မှတ်များထုတ်ပေးတဲ့ စီမံချက်က စနေပါပြီ။ တစ်မြို့နယ်ကို ၂ လစီနဲ့မြေကြီးမြေပုံအတိုင်း မြေပိုင်ဆိုင်မှုလက်မှတ်တွေ လုပ်ပေးသွားမှာပါ။
မေး – ဒီဒေသမှာရေလုပ်သားအများအပြား အကြွေးသံသရာထဲက မလွတ်မြောက်နိုင်တာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ နည်းနည်းပြောပြပါဦး။
ဖြေ – အရင်းအနှီးမရှိတော့ အတိုးနဲ့ချေးပြီးတော့ စက်လှေတွေ ဝယ်ရတယ်။ စက်လှေတစ်စီးဆို အနည်းဆုံး သိန်း ၅ဝ လောက် ရှိတယ်။ တချို့ဆို အိမ်ပေါင်၊ ခြံပေါင် ပြီးတော့ ဝယ်ရတယ်။ တချို့ ၂ဝ တိုးနဲ့ချေးပြီး ဝယ်ရတယ်။ ရေလုပ်ငန်းလုပ်လို့ရတဲ့ အကျိုးအမြတ်တွေက အတိုးထဲမှာပဲ နစ်ရင်းနစ်ရင်းနဲ့ နောက်ဆုံးမှာတော့ လှေဆိုးနဲ့ပက်ခွက်လောက်ပဲ ကျန်တဲ့ ဘဝကို ရောက်နေရပါတယ်။
မေး – ဦးနိုင်ကြွေအေးရဲ့ ဇာတိဖြစ်တဲ့ ဂျိတ္တောရပ်ကွက်က ငါးလုပ်ငန်းအကြောင်းလည်း ပြောပြပေးပါဦး။
ဖြေ – အရင်တုန်းက ဂျိတ္တောဆိုတာ ကမ်းနီး ငါးဖမ်းခြင်းလုပ်တဲ့ဒေသစစ်စစ်ပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီးတော့ ငါးဖမ်းလှေတွေ ရေမိုင် ၁ဝ မိုင်ရဲ့အပြင်ဘက် အနည်းဆုံး ၃ နာရီ၊ ၄ နာရီလောက်ကို မောင်းပြီးမှ ငါးဖမ်းတဲ့နေရာကို ရောက်ပါတယ်။ ဒါဟာ ငါးရှားပါးလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အရင်က တံငါသည်ဆိုတာ တော်တော်လေးကို နည်းတယ်။ ကျွန်တော်တို့ဒေသမှာက အရင်တုန်းက တံငါသည်က ငါးမျှားတံ၊ ကွန်ပိုက်လောက်ပဲ အသုံးပြုတာ။ အခုကျတော့ ခေတ်မီငါးဖမ်းပိုက်ကြီးတွေ၊ ခေတ်မီဖမ်းဆီးမှုတွေနဲ့ ဖမ်းတာကြောင့် ရှားပါးလာတာပါ။
မေး – ငါးဖမ်းကြတာ ဒီဒေသကလူတွေပဲလား။
ဖြေ – ဒီဒေသကလူတွေလည်းလုပ်တယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက လာလုပ်တဲ့သူတွေက ပိုများတယ်။ ရသေ့တောင်၊ ကျောက်တော၊ မင်းပြား၊ မြေပုံက လာလုပ်တာ များတယ်။ အခုဆို ကျော့ပိုက်ပေါင်းက ၂၅ဝ လောက် ရှိတယ်။ ကျော့ပိုက်တစ်ခုမှာ ရေလုပ်သား ၁၅ ယောက်လောက် အနည်းဆုံး ရှိတယ်။ ရေလုပ်သားက စုစုပေါင်း တစ်ထောင်ကျော်လောက် ရှိတယ်။
မေး – ဘာကြောင့်ဒီဒေသမှာလာလုပ်တဲ့ သူတွေများတာလဲ။
ဖြေ – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာက ငါးဖမ်းကွက်လည်းသိပ်မရှိဘူး။ ချောင်းတွေ၊ မြစ်တွေတော့ရှိတယ် ဒါပေမဲ့ငါးဖမ်းလို့လည်းမရဘူး။ အဲ့ဒီဘက်မှာက လယ်ယာလုပ်ငန်း လုပ်တယ်။ သူတို့လယ်စိုက်တဲ့အချိန်က ဒီမှာက ငါးဖမ်းရာသီနားတဲ့အချိန်။ သူတို့လယ်စိုက်ပြီးချိန်က ငါးဖမ်းရာသီပြန်စတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီတော့ သူတို့က လယ်ယာစိုက်ပျိုးပြီးတာနဲ့ ငါးဖမ်းတဲ့အလုပ်ကို လာပြီးတော့လုပ်ကြတယ်။ သူတို့လယ်ထွန်ချိန်ဆို ပြန်ပြီးတော့မှ လယ်ထွန်ကြတယ်။
မေး – ရေလုပ်သားအမျိုးသမီးတွေနဲ့အမျိုးသားတွေက ရရှိတဲ့ လစာရရှိမှုမညီမျှတာကိုတွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလုပ်သွားဖို့ရှိပါသလဲ။
ဖြေ – ရေလုပ်သားက အမျိုးသားဆိုရင် တစ်လကို တစ်သိန်းနှစ်သောင်းလောက်ရတယ်။ အမျိုးသမီးက ကျတော့ ငါးရရှိမှုအပေါ်မှာ မူတည်ပြီးတော့ ပိုက်ဆံရတယ်။ ဆင်ခေါင်း(ရပ်ကွက်)ဘက်မှာကျတော့ လုပ်ငန်းရှင်တွေအားလုံးက စုစုစည်းစည်းနဲ့ အလုပ်သမားအခွင့်အရေးကို ပေးတယ်။ ကျွန်တော်တို့ ဂျိတ္တောဘက်ကကျတော့ တစ်ပိုက်နဲ့တစ်ပိုက် ညှိနှိုင်းမှုလည်း မရှိဘူး။ အလုပ်သမားတွေကလည်း ဆင်ခေါင်းဘက်မှာ ရသလိုမျိုး တောင်းလို့မရသလို တောင်းဖို့အတွက်လည်း အခွင့်အရေး နည်းပါးတယ်။ ဒီလို လုပ်ခလစာနည်းတာနဲ့ ပတ်သက်ပြီးတော့လည်း အလုပ်သမားတွေက ကျွန်တော်နဲ့တွေ့တဲ့အခါ တောင်းဆိုတာမျိုး၊ ပြောပြတာမျိုးမရှိဘူး။ ဘယ်သူကမပြေလည်ဘူးဆိုတာ ကျွန်တော်အနေနဲ့ သိဖို့ခက်တယ်။ ကျွန်တော်တို့ကဏ္ဍကိုက ပြည်သူ့အသံကိုနားထောင်ရတာဖြစ်တယ်။ ဒါကြောင့် ပြည်သူ့အသံထွက်မှ လွှတ်တော်မှာ ဒီအခွင့်အရေးတွေကို ရရှိအောင် တောင်းဆိုပေးမှာဖြစ်ပါတယ်။
မေး – ဒေသခံတွေက ဘယ်လိုအချက်တွေ အဓိက တင်ပြ၊ တောင်းဆိုသလဲ။
ဖြေ – အလုပ်သမားအရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီကို အခုထိတင်ပြတဲ့စာတွေ၊ လူကိုယ်တိုင် လာရောက်ပြီးတော့ တိုင်ကြားတာတွေ မရှိသေးပါဘူး။ ဥယျာဉ်ခြံမြေ၊ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီးတော့ တပ်ကသိမ်းဆည်းထားတာတွေ၊ ကုမ္ဗဏီက သိမ်းဆည်းထားတာတွေ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ တောင်းဆိုတာတွေ ရှိတယ်။ ကျွန်တော်တို့ဆီကို နေ့စဉ်နဲ့အမျှ (ရောက်လာတဲ့) တိုင်စာပေါင်း မြောက်မြားစွာနဲ့ ပြဿနာပေါင်း မြောက်မြားစွာကို ဖြေရှင်းပေးနေရတယ်။
မေး – စံပြမွေးမြူရေးတွေလုပ်နေတာနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါအုံး။
ဖြေ – အရင်တုန်းက ကျွန်တော်တို့ဒေသမှာက ငါးပုစွန်ကို ပေါပေါများများရတော့ မွေးမြူရေး စိတ်မဝင်စားကြဘူး။ လုပ်တဲ့သူလည်းမရှိဘူး။ အခုတော့ ငါးပုစွန်ရနှုန်းက ဘယ်လောက်ထိ လျော့ကျသွားလဲဆိုရင် ဒီဆယ်နှစ်အတိုင်းအတာမှာ ယခင်ဖမ်းဆီးလို့ရတဲ့ အနေအထားထက်ကို သုံးပုံ နှစ်ပုံလောက် လျော့ကျသွားတာကို တွေ့ရတယ်။ ဒါကြောင့်ဖမ်းဆီးတဲ့ သူတွေအဖို့လည်း ပုစွန်ရှားပါးတဲ့အတွက် သူတို့မှာ သူတို့စားဖို့တောင်အနိုင်နိုင်ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ဒီဘက်မှာက ပုစွန်မွေးမြူရေးကို ပြန်လည်လုပ်ကိုင်နိုင်ဖို့အတွက် သူတို့ ခက်ခဲနေတယ်၊ မွေးမြူးရေးလုပ်ကိုင်တယ်ဆိုတာက ပိုက်ဆံရှိတဲ့သူတွေပဲ လုပ်ကိုင်နိုင်မယ်လို့ ထင်နေတယ်။ အရင်တုန်းက ကုမ္ဗဏီတွေက ပစ်ထားတဲ့ ပုစွန်ကန်တွေရှိတယ်။ အဲ့ဒီပုစွန်ကန်တွေကို ရှေ့ကနေ စံပြလုပ်ဆောင်ဖို့ ရှိပါတယ်။ သိန်း နှစ်ဆယ်လောက်ရင်းထားတာက သိန်းတစ်ရာလောက်မြတ်တယ် ဆိုရင် သူတို့အနေနဲ့လည်း စိတ်ဝင်စားလာပြီး ဝင်ရောက်လုပ်ကိုင်ချင် စိတ်တွေ ပေါ်လာမယ်လို့ ထင်ပါတယ်။ အဲ့ဒါကြောင့် စံပြ မွေးမြူခြင်းတွေ လုပ်ကိုင်ဖို့ အတွက် စပြီးတော့ ညှိနှိုင်းနေပါပြီ။ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ငန်းကိုပဲ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ပေ ၈ဝ လောက် ကန်ထဲမှာ သဘာဝ ရေဝင်၊ ရေထွက် စနစ်ကိုပဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။ ဒါမှလည်း မွေးမြူသူတွေအနေနဲ့ အစာဖိုးလည်း မကုန်ဘူး၊ သဘာဝကပေးတဲ့ အစားအစာနဲ့ သူတို့ရဲ့ကြီးထွားမှုနှုန်းဆိုရင် အဆင်ပြေနိုင်ပါတယ်။ စပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ဆိုရင်တော့ စွန့်စားပြီးတော့ ဘယ်သူမှ မရင်းနှီးချင်ကြပါဘူး။ ကျွန်တော်တို့ကရှေ့ကနေ ရဲရဲကြီးစွန့်စားပြီးတော့ လုပ်ပြမှ အောင်မြင်တယ်ဆိုရင် နောက်ကနေ လိုက်လုပ်မယ်သူတွေ အများကြီးရှိပါတယ်။
မေး – လုပ်မယ့်သူတွေကိုရော ဘာတွေ ကူညီပေးသွားမလဲ။
ဖြေ – ပုစွန်မွေးမြူချင်သူတွေအနေနဲ့ ပုစွန်ကန် တစ်ကန်ကို ပိုင်ဆိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကုမ္ဗဏီတွေအနေနဲ့မလုပ်ဘဲ ပစ်ထားတဲ့ကန်တွေကို အခုလက်ရှိ ငါးလုပ်ငန်းဦးစီးဌာနက ထိန်းသိမ်းထားတာ ရှိပါတယ်။ ဒါကြောင့် သူတို့တွေ တစ်နိုင်တစ်ပိုင်လုပ်ချင်ရင် လုပ်နိုင်အောင် တောင်းဆိုပေးသွားမှာပါ။ နှစ်သုံးဆယ်ဆို နှစ်သုံးဆယ်ပေါ့၊ အဲဒီလိုအငှားစနစ်ရအောင် ကူညီပေးသွားမှာပါ။
မေး – သံတွဲမြို့နယ်မှာ ရာဘာပင်တွေအများကြီးရှိတာကိုတွေ့ရတယ်။ ဒီရာဘာပင်တွေရဲ့ ရှေ့အလားအလာကရော ဘယ်လိုရှိမယ် ထင်ပါသလဲ။
ဖြေ – ကျွန်တော်ကိုယ်တိုင် သံတွဲမှာ ရာဘာကို ဦးဦးဖျားဖျား လုပ်ခဲ့တာပါ။ ကျွန်တော် ဧက ၅ဝ ကို အစိုးရဆီကနေလုပ်ပိုင်ခွင့် မြေလွတ်မြေရိုင်းလျှောက်ပြီးတော့ စိုက်ပျိုးခဲ့တာပါ။ ရာဘာစိုက်တုန်းကတော့ ကျွန်တော်တို့အိပ်မက်က ရွှေတိုက်ကြီး ဆောက်ရသလိုပါပဲ။ စိုက်လို့ ၆ နှစ်ကျော်တာနဲ့ သူဌေးဖြစ်နိုင်ပြီ ဆိုပြီးတော့ ကျွန်တော့်မှာ ရှိတဲ့ ငွေအမြောက်အမြားကို ရင်းနှီးပြီးတော့ စိုက်ပျိုးခဲ့ရတာပါ။ ရာဘာအစေးခံမယ့်အချိန် ၆ နှစ်ခွဲလောက်ရှိတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေက ရိုက်ချိုးခံရသလို ဗုန်းဗုန်းလဲ သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာဘာဈေးကွက်က တော်တော်ကြီးကို အခြေအနေဆိုးနေလို့ပါပဲ။ ရာဘာတစ်ပေါင်ထုတ်ခက ၆၅ဝ ကုန်မှာ ဖြစ်တယ်။ ရောင်းလို့ရရှိမယ့်နှုန်းက တစ်ပေါင်ကို ၄၅ဝ ပဲ ရှိတယ်။ တစ်ပေါင်လုပ်လိုက်တာနဲ့ ၂၅ဝ ရှုံးမယ်။ ဒါကြောင့် အရှုံးမခံနိုင်ဘဲ ဒီအတိုင်းထားတာပဲကောင်းမယ် ဆိုပြီးတော့ ရာဘာပင်ကို အလှကြည့်ပြီး ထားနေရတာပါ။ ကျွန်တော်တို့ စိုက်ပျိုးစဉ်တုန်းက အစိုးရက ရာဘာလုပ်ငန်းရှင်တွေကို ငွေချေးပေးမယ်လို့ပြောခဲ့ပေမယ့် တစ်ယောက်မှ ချေးငွေ မရပါဘူး။ ချေးငွေမရပေမယ့် အကျိုးအမြတ်ရမယ်ဆိုပြီး လုပ်ကြတယ်။ တချို့ဆိုလည်း ၅ ဧက၊ ၁ဝ ဧက ဝယ်ပြီး တစ်နိုင်တစ်ပိုင် လုပ်ကြတယ်။ ဒါပေမဲ့ ရာဘာလုပ်ငန်းက ထွက်ရှိမယ့်အကျိုးထက် ဆုံးရှုံးမှုက ပိုများနေတဲ့အတွက် ဒီဒေသမှာ ရာဘာခြံတွေ အများကြီးရှိပေမယ့် လက်ရှိလုပ်နေတဲ့ လုပ်ငန်းက တစ်ခုမှမရှိပါဘူး။
မေး – သံတွဲစိုက်ပျိုးရေးဦးစီးဌာနဆီက ဘယ်လို အကူအညီတွေ ရမယ်လို့ မျှော်လင့်ပါသလဲ။
ဖြေ – ကျွန်တော်တို့ဆီမှာ သင်္ဘောသီးတစ်လုံးကို အနည်းဆုံး တစ်ထောင်ပေးဝယ်ပြီး စားရပါတယ်။ ဒါပေမဲ့ ဒီမှာ သင်္ဘောသီးကို (စီးပွားဖြစ်) စိုက်ပျိုးမယ့်သူ မရှိသလို ဘယ်လိုစိုက်ပျိုးရမယ်ဆိုတဲ့ နည်းပညာလည်း မရှိပါဘူး။ လယ်သမားတွေက လယ်ထွန်ပြီးတဲ့အချိန်မှာ ကောက်ရိုးတွေကို လွှင့်ပစ်ကြတယ်။ တခြားပြည်နယ်တွေမှာဆိုရင် ကောက်ရိုးနဲ့ မှိုစိုက်ပျိုးနည်းဆိုပြီးတော့ လက်တွေ့ပညာပေးတာတွေ ရှိတဲ့အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီးတော့ လုပ်ငန်း အဆင်ပြေနေတဲ့သူတွေလည်း ရှိပါတယ်။ မှိုက ဈေးကြီးတယ်။ ရန်ကုန်က မှာရတယ်။ ကျွန်တော်တို့က ဟိုတယ်လုပ်ငန်း ဖြစ်ထွန်းတဲ့နေရာဖြစ်တဲ့အတွက် မှိုက ဈေးကောင်းရတယ်။ ကျွန်တော်တို့ဒေသမှာ မစိုက်ဘူး။ ဘာကြောင့်လဲ။ စိုက်ပျိုးရေးနည်းစနစ်တွေကို မသိလို့ ဖြစ်ပါတယ်။ အဲ့ဒီလို စိုက်ပျိုးနည်းစနစ်တွေကို စိုက်ပျိုးရေးဦးစီးဌာနက လက်တွေ့ကွင်းဆင်းပြီးတော့ နည်းစနစ်တွေ သင်ကြားပေးသင့်ပါတယ်။ ။



