ရန်ကုန် – ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ အင်းအိုင်များကို လေလံမပစ်ဘဲ ကြမ်းခင်းဈေးအတိုင်းသာ ရောင်းချပေးရန် ဇွန်လ ၅ ရက်နေ့တွင်ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ ကြကြောင်း ဒေသခံတို့က Myanmar Now ကို ပြောသည်။
နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပြုလုပ်ခဲ့သော အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် လူဦးရေ ၄ဝဝ ကျော်ခန့်က မြသိန်းတန်ရပ်ကွက် အောင်သုခလမ်းမှ စတင် လှည့်လည်ခဲ့ပြီး၊ သံကြိုးတိုင်ရပ်ကွက် သာသနာ့ဟိတကာရီကျောင်းရှေ့တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
“အဓိကကတော့ ရေလုပ်သားငယ်များနဲ့ တောင်သူလယ်သမားများကို ဒီအင်းအိုင်များကို ကြမ်းခင်းဈေးနဲ့ ရောင်းချပေးစေချင်တာပါ” ဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးတင်မောင်ဝင်းက ဆိုသည်။
ဦးတင်မောင်ဝင်းသည် နွေစပါးနှင့် ဆောင်းသီးနှံများကို စိုက်ပျိုးသည့် လယ်သမားတစ်ဦးဖြစ်ပြီး ၎င်း၏စိုက်ခင်းအတွက် အင်းချောင်းများမှ ရေကို အားထားနေရသူတစ်ဦးဖြစ်သည်။
မြို့နယ်အတွင်းရှိ အင်းအိုင်တို့ကို အင်းသမားကြီးအများစုကသာ လွှမ်းမိုးချုပ်ကိုင်ထားကြသည်မှာ ၁ဝ နှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဟု ၎င်းကဆိုသည်။
စိုက်ပျိုးရေအတွက် အင်းချောင်းများကို အသုံးပြုခွင့် မရသဖြင့် လယ်ယာစိုက်ပျိုးရေးကို ထိခိုက်နေသည်ဟု ဆန္ဒဖော်ထုတ်သည့် အင်းလုပ်သားများ၊ လယ်သမားများက ပြောသည်။
နွေစပါးနှင့် ဆောင်းသီးနှံများစိုက်ပျိုးရန်အတွက် အင်းချောင်းများထဲမှ ရေကို ယူငင်သုံးစွဲနေရသော လယ်သမားတို့သည် အင်းသူကြီးများနှင့် ပဋိပက္ခ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဝါးခယ်မ မဲဆန္ဒနယ် ၁၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောသည်။
ဝါးခယ်မ၊ ဝါးရုံပင်ကျေးရွာအုပ်စုတွင် သိန်းရာကျော်တန်သော အင်းချောင်းများရှိပြီး အများစုကို အင်းသူကြီးတို့က ပိုင်ဆိုင်ထားကြသည်ဟု သိရသည်။ အဆိုပါကျေးရွာဘက်တွင် ငါးရှာ၊ ဖားရှာ၊ ကိုင်းထောင်၊ ငါးရှဉ့်ထောင်ကြသည့် ဆင်းရဲသည့် ရေလုပ်သားငယ်များ အများစု နေထိုင်ကြသည်ဟု ၎င်းက ပြောသည်။
“အင်းသူကြီးတွေက အင်းတွေကို ဆွဲထားတော့ ရှာစားဖို့နေရာက မရှိဘူး။ သူတို့ကလည်း မပေးဘူး။ ပေးပြန်တော့လည်း ရှာစားလို့မရတဲ့နေရာတွေ ပေးတယ်။ အင်းသူကြီးတွေက ရေလုပ်သားငယ်လေးတွေကို တွေ့ြ့ပီဆိုရင် သူတို့အင်းထဲက ငါးခိုးတယ် ဘာညာဆိုပြီး အမှုလုပ်ပြီး ပြဿနာရှာတာတွေလည်း ရှိတယ်” ဟု ဦးဌေးအောင်က ပြောသည်။
ပြီးခဲ့သည့်နှစ် နှစ်လယ်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်သည့် တိုင်းအစိုးရက ရေလုပ်သားငယ်များ လုပ်ကိုင် စားသောက်ရန်အတွက် ပန်းတနော်၊ ဓနုဖြူ၊ ညောင်တုန်း၊ မအူပင်၊ ကျောင်းကုန်း၊ ကျုံပျော်၊ သာပေါင်း၊ ငပုတော စသည့် မြို့နယ်များတွင် သိန်း ၃ဝ အောက် အင်းချောင်းများကို လေလံမတင်ဘဲ ကြမ်းခင်းဈေးအတိုင်း လုပ်ကိုင်ခွင့် ပြုလိုက်သည်။
သို့သော် လေလံတင်ချိန် နောက်ကျပြီးမှ ဝါးခယ်မမှ ရေလုပ်သားအစုအဖွဲ့များက သိရှိလိုက်ရခြင်းကြောင့် အဆိုပါအခွင့်အရေးနှင့် လွဲချော်သွားခဲ့သည်။ ယခုနှစ်တွင်လည်း ကျပ်သိန်း ၄ဝ အောက် အင်းချောင်းများအား ကြမ်းခင်းဈေးဖြင့် ရောင်းချပေးမည်ဆိုသည့် သတင်းများကြောင့် ကျေးရွာရေလုပ်သားအစုအဖွဲ့များက လျှောက်ထားရန် ပြင်ဆင်နေကြသည်ဟု သိရသည်။
အင်းလုပ်သားကြီးများလည်း ဆန္ဒပြ
ယမန်နှစ်က သိန်း ၃ဝ အောက် အင်းချောင်းများကို ကြမ်းခင်းဈေးအတိုင်း ရောင်းချပေးလိုက်ပြီး ယခုနှစ်တွင်လည်း သိန်း ၄ဝ အောက် အင်းချောင်းများကို ရေလုပ်သားငယ်များသို့ ရောင်းချပေးမည် ဆိုသော သတင်းကြောင့် အင်းလုပ်သားကြီးများက တိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းကို မေလ ၃ဝ ရက်နေ့က ပုသိမ်မြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ငါးလုပ်ငန်းများက လက်ဝါးကြီးအုပ်လေလံစနစ်ဖြစ်နေပြီး လေလံအောင်သော အင်းသူကြီးတို့က အဆင့်ဆင့်ဈေးတင်ကာ လက်လွှဲရောင်းချနေကြောင်း၊ ရေလုပ်သားငယ်တို့က မတန်တဆဈေးဖြင့် ဝယ်ယူကြရနေရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့်အတွက် ဘဝရပ်တည်ရေး ခက်ခဲနေကြောင်း ဦးဘဟိန်းက Myanmar Now နှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဝါးခယ်မတွင် တောင်းဆိုချက် မတူညီသော ဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက်၍ ဝန်ကြီးဦးဘဟိန်းက မည်သည့်ဘက်သို့မှ လိုက်မည်မဟုတ်ဟု ဆိုသည်။
“ကျွန်တော့်ကို ဆန့်ကျင် ဆန္ဒပြတာလည်း ကျွန်တော် ဘာသိဘာသာနေပါတယ်၊ ထောက်ခံတာလည်း ဘာသိဘာသာပဲ နေပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော့် ပယောဂ ပါမှာ စိုးလို့ပါ။ ထောက်ခံတယ်ဆိုရင် ကျွန်တော့်ရဲ့ ပယောဂ ပါတယ် ဆိုရင် မကောင်းဘူးလေ။ ခပ်ကင်းကင်းပဲ နေရတယ်။ ဒါက ပြည်သူတွေရဲ့သဘောထားပါ၊ ကျွန်တော့်သဘောထား မပါပါဘူး” ဟု Myanmar Now ကို ပြောသည်။
အစိုးရသတ်မှတ်ထားသော ကြမ်းခင်းဈေးအတိုင်းဆိုလျှင် ကျပ်သိန်း ၃ဝ မှ ၄ဝ အောက် အင်းချောင်း လုပ်ပိုင်ခွင့်တို့ကို ဒေသခံ ရေလုပ်သားအစုအဖွဲ့များက ဝယ်ယူနိုင်ကြောင်း၊ သို့သော်လည်း အင်းသူကြီးများနှင့် အပြိုင် လေလံဆွဲယူရမည်ဆိုပါက အဆိုပါ အင်းချောင်း လုပ်ပိုင်ခွင့်တို့ကို ငွေကြေးတတ်နိုင်သည့် အင်းသူကြီးတို့ကသာ ပိုင်ဆိုင်သွားကြသည်ဟု ရေလုပ်သားများ ဆန္ဒဖော်ထုတ်ရာတွင် ဥပဒေရေးရာအရ လိုက်ပါကူညီဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးမြင့်ကိုက ပြောသည်။
“ ဒီအင်းအိုင်တွေကို ဒေသခံရေလုပ်သားအစုအဖွဲ့တွေဆီကို ရောက်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်ပေးဖို့ သူတို့ကတောင်းဆိုကြတာပါ” ဟု ၎င်းက ပြောသည်။
ဝါးခယ်မမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ အချက်အလက်များအရ မြို့နယ်အတွင်း အင်းချောင်းပေါင်း ၁၅ဝ ခန့် ရှိနေပြီး အင်းချောင်းများ၏ တန်ဖိုးမှာ လေလံကြမ်းခင်းဈေး ကျပ် ၁၅ သိန်း မှ သိန်း ၆ဝဝ- ၇ဝဝ ခန့်အထိရှိသည်ဟု သိရသည်။ ။