
ရန်ကုန် – တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲကြောင့် မြေဇာပင်ဖြစ်နေကြရသော ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ဒေသခံတို့ထံ ကူညီကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပို့ဆောင်နိုင်တော့မည်ဟု ကချင်ဒေသလွှတ်တော်ကိုယ်စားလှယ်များက သြဂုတ် ၁၇ ရက်နေ့တွင် ပြောသည်။
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့မှ ကချင်ဒေသကိုယ်စားပြု အမတ်များနှင့် နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးအပြီး ထိုသို့ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်မြင့်က Myanmar Now ကိုပြောသည်။
“ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုသေးတဲ့ တနိုင်းဒေသကို ကယ်ဆယ်ရေးအတွက် သွားခွင့်ပြုခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ ဝင်ခွင့်ပြုဖို့ပဲ ဆွေးနွေးခဲ့တာ။ တခြားလူမှုအဖွဲ့အစည်းတွေ ဝင်ခွင့် ပြုမပြုတော့ ကျွန်တော်တို့ဆွေးနွေးခဲ့တာမှာ မပါခဲ့သလို့ ဒုတိယဝန်ကြီးကလည်း အဲ့ဒီအကြောင်း ထည့်မပြောသွားပါဘူး” ဟု သူက ဆိုသည်။
ယခုအခါ အလှူငွေပေါင်း သိန်း ၂၅ဝ ကျော်၊ ဆန်အိတ် ၄ဝဝ ကျော် ရရှိထားပြီဟု ကူညီရေးအဖွဲ့တာဝန်ခံ အမျိုးသားလွှတ်တော်အမတ် ဦးနောင်နဂျာတန်က ပြောသည်။
ကူညီမှုများထဲတွင် နယ်စပ်ဝန်ကြီးဌာန၏ သိန်း ၆ဝ နီးပါး ထည့်ဝင်မှုလည်း ပါဝင်သည်ဟု ဆိုသည်။
တနိုင်းဒေသ စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော်ကို သွားရောက်လှူဒါန်းသည့်အခါ ငွေသား ပေးအပ်မည်မဟုတ်ဟု ဦးနောင်နဂျာတန်က ဆိုသည်။
“ရတဲ့ငွေတွေကို စားသောက်ကုန်တွေဝယ်လှူမှာ။ နောက်တစ်ပတ်လောက်မှာ ကျွန်တော်တို့ သွားမယ်။ ရက်အတိအကျတော့ ပစ္စည်းတွေ ဝယ်ရဦးမှာဆိုတော့ အတိအကျ မပြောနိုင်သေးဘူး။ တနိုင်းမှာက စစ်ဘေးရှောင်တွေဟာ ၄ နေရာလောက် ခွဲနေကြတာ။ အဲ့ဒီက စခန်းတာဝန်ခံတွေနဲ့ ညှိနှိုင်းပြီးတော့မှ ကိုယ့်မှာ ရှိတဲ့ဟာတွေကို ခွဲခြားဝေငှရမှာ။ လှူကြမယ့်သူတွေရှိနေရင် ကျွန်တော်တို့ကို ဆက်သွယ်ပါ” ဟု ဦးနောင်နဂျာတန်က ဆိုသည်။