
ရန်ကုန် – ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရနှင့် ပြည်သူအားလုံးက ဖြစ်ပေါ်လာသည့် အခြေအနေများတွင် တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တချို့က စက်တင်ဘာ ၇ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
လူမှုကွန်ရက်ပေါ်မှ သတင်းအမှားများကို မယုံဘဲ အကြောက်တရားများကို ဖယ်ထုတ်ရန်၊ အစိုးရ လုပ်ဆောင်နေသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့ရေးအတွက် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ကူညီပေးနိုင်ကြရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံများကို အားမလိုအားမရသူများနှင့် လုပ်ဆောင်ချက်များ မလုံလောက်ဟု ယူဆသူများ ရှိနေနိုင်သော်လည်း အားလုံး တည်တည်ငြိမ်ငြိမ် လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။
“ ကျွန်တော့်အမြင်မှာကတော့ အစိုးရတစ်ရပ်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ အရာတွေကို အတတ်နိုင်ဆုံး လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တည်တည်ငြိမ်ငြိမ်နဲ့ အဆင်အပြေဆုံး လုပ်ကိုင်ဆောင်ရွက်ဖို့ အတွက်ကိုပဲ တိုက်တွန်းချင်တယ်၊ တွန်းအားပေးချင်တယ်” ဟု ဦးဖြိုးဇေယျာသော်က ပြောသည်။
နှစ်ပေါင်းများစွာကတည်းက ဖြစ်လာသည့် ပြဿနာတစ်ခုဖြစ်သည့်အတွက် လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ဖြေရှင်းရေးဆိုသည်မှာ ဖြစ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“တို့ပြည်သူတွေ မတုံးဘူး။ အားလုံး တည်တည်ငြိမ်ငြိမ်နေရမယ့် အချိန်ဖြစ်တယ်” ဟူသည့် စာသားကို ကျန်ခဲ့သည့် ရက်အနည်းငယ်က လွှတ်တော်ကိုယ်စားလှယ်တချို့၏ Facebook လူမှုကွန်ရက် စာမျက်နှာများတွင် တင်ထားကြသည်ကိုလည်း တွေ့ရသည်။
“မနေ့ကလုပ်သွားတဲ့ သမ္မတကဦးဆောင်ပြီးတော့ လုပ်သွားတဲ့ ရခိုင်အရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးကတော့ တကယ် ဖြစ်သင့် ဖြစ်ထိုက်တဲ့ အစည်းအဝေးပါ။ ဒါက အစိုးရအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ ဘယ်လောက်အလေးထားတယ် ဆိုတာရယ် တစ်ဖက်ကလည်း ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့ဆိုတဲ့ စကားရပ်က တော်တော်လေး အရေးပါပါတယ်” ဟု ရန်ကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောသည်။
အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအမှားများကို လူမှုကွန်ရက်မီဒီယာများတွင် တွေ့နေရပြီး ခံစားမှုနောက်မလိုက်ဘဲ သတိထား ကာကွယ်ဖို့ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။
“ဒီဖြစ်စဉ်တွေဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အထောက်အပံ့ဖြစ်စေတဲ့ ဖြစ်စဉ်တွေမဟုတ်ဘူး၊ အခြေအနေတွေ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ သတိကြီးကြီးထားဖို့ လိုတယ်။ ဒီအခြေအနေတွေရဲ့ ခေါ်ဆောင်ရာကို ကျွန်မတို့ လိုက်ပါမသွားဖို့ လိုပါတယ် ” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
“ဓားနဲ့ သေနတ်ချတာ သေနတ်ရှုံးတယ်ဆိုတာက သိပ်တော့ ယုတ္တိမရှိဘူးလို့ ကျွန်တော်မြင်တယ်။ ဖြစ်လာတာက သေးသေးလေးပေမဲ့လည်း ဒီမီးက တစ်တိုင်းပြည်လုံးကို တောက်လောင်နိုင်တယ်။ အဲဒီအတွက် အချိန်မီ ရှင်းဖို့လိုတယ်” ဟု အမျိုးသားလွှတ်တော်၏ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။
ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတကာက ပါဝင်ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနှင့် မိမိဘက်ကိုယ်သာ ရပ်တည်ကာဖြေရှင်းလျှင် တိုင်းပြည်အတွက် အန္တရာယ်ရှိကြောင်း ၎င်းက ပြောသည်။