နိုင်ငံတကာသတင်းသတင်း

ရိုဟင်ဂျာဒုက္ခသည်တို့ကို ဖုန်းဆင်းကတ်ရောင်းခွင့် ဘင်္ဂလားဒေ့ရှ်ပိတ်ပင်

လုံခြုံရေးအခြေအနေကြောင့် ရိုဟင်ဂျာဒုက္ခသည်များကို မိုဘိုင်းဖုန်း ဆင်းကတ်ရောင်းချခြင်း မပြုရန် ဆက်သွယ်ရေးကုမ္ပဏီများကို တားမြစ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က စက်တင်ဘာ ၂၄ တွင် ပြောကြားသည်။

ရောင်းချမည်ဆိုပါက အပြစ်ပေးအရေးယူခံရမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မိုဘိုင်းဖုန်းကုမ္ပဏီ ၄ ခုကို အကြောင်းကြားထားသည်။

“လောလောဆယ်မှာတော့ ရိုဟင်ဂျာတွေအနေနဲ့ ဖုန်းဆင်းကတ်တွေ ဝယ်နိုင်မှာမဟုတ်ပါဘူး” ဟု ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ အီနာရက်ဟွတ်စိန်က အေအက်ဖ်ပီသတင်းဌာနသို့ စက်တင်ဘာ ၂၄ တွင် ပြောကြားသည်။

နိုင်ငံတွင်း စစ်သွေးကြွလှုပ်ရှားမှုများကို ဟန့်တားနိုင်ရန် တရားဝင်အထောက်အထားမပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုပင် ဆင်းကတ်ရောင်းချမှု ပိတ်ပင်ထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးဒုဝန်ကြီး တာရာနာဟလင်က “လူသားချင်း စာနာထောက်ထားမှုအရ ရိုဟင်ဂျာတွေကို လက်ခံထားပါတယ်။ ဒါပေမယ့် လုံခြုံရေးကိုတော့ ဂရုစိုက်ရပါတယ်”ဟု ပြောကြားသည်။

သို့သော် ရိုဟင်ဂျာများက မည့်သည့်အန္တရာယ်ဖြစ်စေမည်ကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။

ယခုရောက်ရှိလာသည့် ဒုက္ခသည်များအား အထောက်အထားကတ် ထုတ်ပေးပြီးပါက တားမြစ်မှုကို ရုပ်သိမ်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဆက်သွယ်ရေးလုပ်ငန်းအာဏာပိုင်အဖွဲ့က ပြောကြားထားသော်လည်း ယင်းလုပ်ငန်းအဆင့်အတွက် ၆ လခန့် ကြာမြင့်နိုင်ကြောင်း ခန့်မှန်းထားသည်။

လွန်ခဲ့သည့် ၄ ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်တောင်ဘက်စွန်း ကော့ဘဇားဒေသသို့ ရိုဟင်ဂျာ အများအပြား ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာများကို ထားရှိသည့် စခန်းများနှင့် အခြားဒေသများသို့ ဆက်သွယ်ထားသည့် လမ်းများတွင် ပိတ်ဆို့ တားဆီးမှုများ လုပ်ဆောင်ထားပြီး ဖြတ်သန်းသွားရန် ကြိုးပမ်းခဲ့သူ ၅,၁ဝဝ ခန့်ကို လုံခြုံရေးကင်းများက စခန်းသို့ ပြန်သွားစေခဲ့သည်။

ကော့ဘဇား ရဲချုပ် အစ်ဘယ်ဟွတ်စိန်က “ရိုဟင်ဂျာဒုက္ခသည်တွေ အခြားမြို့တွေဆီ ရောက်မသွားအောင် ကော့ဘဇားအဝေးပြေးလမ်းမှာ စစ်ဆေးရေးစခန်း ၁၁ ခု ချထားပါတယ်” ဟု သတင်းထောက်များကို ပြောကြားသည်။

Show More

Related Articles

Back to top button